နိုင်ငံတကာ

အီရန်ကနေ မြန်မာစစ်တပ်ကို လေယာဉ်ဆီရောင်းချ

ဇန်နဝါရီ ၂၇ – ၂၀၂၆

အီရန်နိုင်ငံဟာ မြန်မာစစ်ကောင်စီကို ဂျက်လေယာဉ်ဆီ ရောင်းချခဲ့ ကြောင်း ရိုက်တာ သတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ ကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ (၁၅ လတာ ကာလ အတွင်း) အီရန်ဟာ ဂျက်လေယာဉ်ဆီ တန်ချိန်ပေါင်း ၁၇၅၀၀၀ လောက်ကို သင်္ဘောနဲ့ မြန်မာနိုင်ငံကို ၉ ကြိမ် ပို့ဆောင် ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ဒီလေယာဉ်ဆီ ရောင်းချမှုကနေ အီရန်အစိုးရဟာ လက်ရှိပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၂၃ သန်းခန့် ဝင်ငွေ ရရှိခဲ့တယ်လို့ ခန့်မှန်းရပါတယ်။

အီရန်ဟာ သူ့နိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ငွေကြေးလိုအပ်နေချိန်မှာ မြန်မာနိုင်ငံကို အဓိက ဈေးကွက်သစ် တခု အနေနဲ့ အသုံးချနေတာဖြစ်ကြောင်း ရိုက်တာက ဆိုပါတယ်။

နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲနိုင်ဖို့အတွက် အီရန်ဟာ သင်္ဘော တည်နေရာပြစနစ် (GPS) ကို အီရတ်နိုင်ငံနားမှာ ရှိနေသယောင် အချက်ပြ အမှားတွေလွှင့်ပြီး တကယ်တမ်း မှာတော့ မြန်မာနိုင်ငံ ရန်ကုန်မြို့ အနီးက ဆိပ်ကမ်းတွေကို လာရောက်ပို့ဆောင်ခဲ့တာ ဖြစ်ပါ တယ်။

အခုလို လေယာဥ်ဆီ ရရှိခဲ့တဲ့ အတွက် မြန်မာစစ်ကောင်စီဟာ တိုက်လေယာဉ် တွေနဲ့ အကြိမ်ပေါင်း ထောင်ချီပြီး ပျံသန်း ဗုံး ကြဲနိုင်ခဲ့တာလို့ ဆိုပါတယ်။

၁၅ လ အတွင်းမှာ အရပ်သား ပစ်မှတ်ပေါင်း ၁၀၀၀ ကျော်ကို လေကြောင်း ကနေ တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၁၇၀၀ ကျော် သေဆုံး ခဲ့ရတယ်လို့ အချက်အလက်တွေက ဆိုပါတယ်။

အီရန်ဟာ ဂျက်လေယာဉ်ဆီတင်မကဘဲ မြန်မာ စစ်တပ်ကို ဗုံးနဲ့ ခဲယမ်းမီးကျောက်တွေ ထုတ်လုပ်ရာမှာ အဓိက သုံးတဲ့ ယူရီးယား ဓာတ်မြေ ဩဇာတွေကိုလည်း တန်ချိန် သိန်းနဲ့ချီပြီး ရောင်းချနေတာလို့ ဖေါ်ပြထား ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွန်မ် အန်ဒရူးစ် ကတော့ အီရန်အစိုးရမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

“အီရန်က ပို့ပေးတဲ့ဆီတွေက လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို တကယ်ပဲ အားပေးနေတာပါ” လို့ သူက ပြောပါတယ်။

အီရန်ရဲ့ ကုလသမဂ္ဂဆိုင်ရာအဖွဲ့က မှတ်ချက်ပေးဖို့ ငြင်းဆိုထားသလို မြန်မာစစ်တပ်ကလည်း ဘာမှ ပြောဆိုမှု မရှိပါ။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *