ဖေဖော်ဝါရီ ၉ – ၂၀၂၆
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က မနေ့ ဖေဖော်ဝါရီ ၈ ရက်မှာ အလုံးစုံ ပြန်လည် ထိန်းချုပ်လိုက်ပြီ ဖြစ်တယ်လို့ SNA တပ်မဟာ (၆၁၄) က သတင်းထုတ်ပြန်ထားပါတယ်။
ဗန်းမောက်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့က ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ် ထားတာဖြစ်ပြီး မြို့ကို ပေးလိုက်ရပြီး ရက်ပိုင်းအတွင်းမှာ SNA က စစ်တပ် အကူအညီနဲ့ မြို့အနောက်ခြမ်း ကနေ ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ဆင်ရေးကာလ လေးလကျော် ကြာမြင့်ခဲ့ပြီးနောက် KIA ပူးပေါင်း တပ်တွေ ယာယီစိုးမိုး ထားတဲ့ ဗန်းမောက်မြို့ကို လုံခြုံရေး တပ်ဖွဲ့ဝင် တွေက မနေ့ ဖေဖော်ဝါရီ ၈ ရက်မှာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အစပိုင်း ကတည်းက ဗန်းမောက်မြို့ အားလုံး နီးပါးကို SNA နဲ့ စစ်တပ်က ပူးပေါင်းပြီး ထိန်းချုပ် ထားနိုင်ခဲ့ကာ ရပ်ကွက် တခုလောက်ပဲ ကျန်တော့တာဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
မနေ့ကတော့ အပြည့်အဝ ပြန်ထိန်းချုပ်ခဲ့တာ ဖြစ်ပြီး၊ အဓိက ကတော့ လေကြောင်း ဖိအားကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဗန်းမောက်မြို့ဟာ အောင်သာကုန်း၊ မြို့မ၊ လွှစင်ကုန်းနဲ့ မြနန္ဒာ စတဲ့ ရပ်ကွက် လေးခုနဲ့ ဖွဲ့စည်း ထားတာဖြစ်ကာ KIA တပ်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ လွှစင်ကုန်းနဲ့ မြနန္ဒာ ရပ်ကွက်တွေ ကနေ ဆုတ်ခွာခဲ့ရပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ မြို့မ ရပ်ကွက်ကို ထပ်မံ လက်လွှတ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
မနေ့ ဖေဖော်ဝါရီ ၈ ရက်မှာတော့ နောက်ဆုံးကျန်ရှိနေတဲ့ အောင်သာကုန်း ရပ်ကွက်ကနေ ဆုတ်ခွာခဲ့ရတာကြောင့် SNA ပူးပေါင်းတပ်တွေဟာ တမြို့လုံး ကို ထိန်းချုပ်သွားနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – SNA
Crd – VOM
—————————
THN Public Media
