ဖေဖေါ်ဝါရီ ၂၀ – ၂၀၂၆
မြန်မာနိုင်ငံမှာ စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ ပြီးစီးသွားပြီးနောက် အစိုးရသစ် ဖွဲ့တဲ့အခါ အဓိက ရာထူးတွေ အဖြစ် သမ္မတ၊ ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ ပါဝင်ပြီး အာဏာကို ပိုမို ခွဲဝေ ကျင့်သုံး သွားမှာ ဖြစ်တယ်လို့ သိရကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkaew က ပြောကြားလိုက်ပါတယ်။
ဖေဖေါ်ဝါရီ ၁၈ ထိုင်းနိုင်ငံ ဖူးခက် မြို့မှာ မြန်မာစစ်ကော်မရှင် နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေ နဲ့ တွေ့ဆုံပြီးနောက် အခုလို ပြောကြား လိုက်တာလို့ ထိုင်း PBS သတင်းမှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။
အစိုးရသစ်ကို သင်္ကြန် မတိုင်ခင် ဖွဲ့စည်း နိုင်မယ်လို့ မျှော်လင့်ရကြောင်း ဦးသန်းဆွေက ပြောခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောပါ တယ်။
တက်လာတဲ့ အစိုးရဟာ တည်ငြိမ်မှု ပြဖို့ အတွက် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ဆောင်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဒီမိုကရေစီ အင်အားစုတွေ အပါအဝင် အတိုက်အခံ အဖွဲ့တွေနဲ့ ဆွေးနွေးဖို့ လမ်းဖွင့် ထားကြောင်း သူကပြောပါတယ်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရေး တိုင်းရင်းသား အဖွဲ့တွေနဲ့ ဒေသန္တရ အဆင့် ထိတွေ့ ဆက်ဆံမှုတွေ အတွက် ကူညီဆောင်ရွက်ပေးဖို့ ထိုင်းနိုင်ငံ က အသင့်ရှိနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkaew က ပြောကြားခဲ့ပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးဟာ ပြည်တွင်းပြန်လည် ရင်ကြားစေ့ရေး ကနေ ပြည်တွင်း ဆွေးနွေးမှုကို မြန်မာနိုင်ငံ ကသာ အရင် စတင်ရမှာ ဖြစ်ကြောင်း မစ္စတာ Sihasak က ပြောပါတယ်။
“ထိုင်းနိုင်ငံအနေနဲ့ ကျွန်တော်တို့ တတ်နိုင်သမျှ ကူညီဖို့ ဆန္ဒရှိပါတယ်၊ အထူးသဖြင့် ဆွေးနွေးမှု တွေကို ပံ့ပိုးကူညီပေးဖို့ပါ၊ ဒါပေမဲ့ ဘာ အကြောင်းအရာ တွေကို ဆွေးနွေးရမလဲ ဆိုတာကိုတော့ ကျွန်တော်တို့ ညွှန်ကြားမှာ မဟုတ်ပါဘူး။ အဆုံးမှာတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေက မြန်မာနိုင်ငံရဲ့ ပြည်တွင်း ကနေပဲ လာရပါလိမ့်မယ်” လို့ Sihasak က ပြောကြားသွားပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ကြီးနဲ့ ပြန်လည် ထိတွေ့ ဆက်ဆံ နိုင်ဖို့ တံတားတစင်း အနေနဲ့ ဆောင်ရွက်ပေးဖို့ အသင့် ရှိပေမယ့် မြန်မာနိုင်ငံ ဘက်က အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အပေါ် တုံ့ပြန် ဆောင်ရွက် မှုတွေ ပြသဖို့ လိုအပ်တယ်လို့ မစ္စတာ Sihasak က ဆိုပါ တယ်။
လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ဘုံသဘောတူညီချက် ၅ ရပ် အပေါ် တိုးတက်မှု အကန့် အသတ် ရှိခဲ့ကြောင်း Sihasak က မှတ်ချက်ပြုခဲ့ပြီး၊ ထိုင်းနိုင်ငံ အနေဖြင့် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ရှေ့တိုးဆောင်ရွက်မှုတွေကို မြင်တွေ့ လိုကြောင်း ပြောကြားသွားပါတယ်။
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး AH1 မဲဆောက်-မြဝတီ လမ်းကြောင်း အပါအဝင် အဓိက နယ်စပ် ဖြတ်ကျော် နေရာတွေမှာ နယ်စပ် ကုန်သွယ်ရေး ပြန်လည် အသက်သွင်းဖို့ နှစ်နိုင်ငံ ဆွေးနွေး ခဲ့ကြောင်း Sihasak က ပြောပါတယ်။
စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက် ရေးနဲ့ ပတ်သက်ပြီးလည်း ထိုင်းနိုင်ငံ ပိုင် စွမ်းအင်ကုမ္ပဏီ PTT က မြန်မာနိုင်ငံမှာ စွမ်းအင် ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းတွေ တိုးချဲ့လုပ်ဆောင်ဖို့ စိတ်ဝင်စားကြောင်း ထုတ်ဖော် ပြောကြား ခဲ့တယ်လို့ ဆိုပါတယ်။
Ref: Thai PBS
—————————
THN Public Media
