မတ်လ ၂ – ၂၀၂၆
NATO နေတိုး အတွင်းရေးမှူးချုပ် Mark Rutte က အီရန် အပေါ် အမေရိကန်ရဲ့ အရေးယူဆောင်ရွက်မှု တွေကို ဥရောပက အပြည့်အဝ ထောက်ခံတယ် လို့ ပြောကြားလိုက်ပါတယ်။
အီရန်ဟာ ဥရောပ၊ အစ္စရေးနဲ့ ဒေသတွင်း နိုင်ငံတွေ အတွက် ခြိမ်းခြောက်မှု တခု ဖြစ်တယ်လို့ ရှုမြင်ကြောင်း အလေးအနက် ပြောကြားခဲ့ပြီး၊ အခု သီတင်းပတ်ကုန် ပိုင်းက အီရန်မှာ လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေ နောက်ပိုင်း ဥရောပဟာလည်း အရှိန်အဟုန်မြှင့် ပါဝင်လာနေပြီ လို့ သူက ဆိုပါတယ်။
အီရန်အပေါ် ခုခံကာကွယ်တဲ့ တိုက်ခိုက်မှုတွေ အတွက် အမေရိကန်ကို ဗြိတိန် စစ်စခန်းတွေ အသုံးပြုခွင့်ပေးဖို့ ယူကေဝန်ကြီးချုပ် ကီယာ စတာမာ ရဲ့ ဆုံးဖြတ်ချက်ဟာ နောက်ကျ သွားသလားလို့ မေးမြန်းရာ မှာတော့၊ ခွင့်ပြုချက်မပေးခင် ဥပဒေကြောင်းအရ ကိစ္စရပ်တွေကို အရင် လုပ်ဆောင်ခဲ့ရတာလို့ သူနားလည်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုကို ကြိုတင် သိရှိထား သလားလို့ ထပ်မံမေးမြန်းရာမှာတော့ Mark Rutte က အဲဒီလို အသေးစိတ် အချက်အလက် တွေကို လူသိရှင်ကြား မဆွေးနွေးဘူးလို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ အမေရိကန် တာဝန်ရှိသူတွေနဲ့ စကားပြောဆိုမှုတွေ များစွာ ပြုလုပ် ခဲ့ပြီး ဝါရှင်တန်နဲ့ နေတိုးဟာ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက် နေတယ် လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
အီရန်ကို တိုက်ခိုက်တာဟာ အမေရိကန် တနိုင်ငံတည်းရဲ့ သဘောထား မဟုတ်ဘဲ ဥရောပ မဟာမိတ်တွေ အားလုံးရဲ့ စုပေါင်း သဘောထား ဖြစ်နေတာကို တွေ့ရပြီး ဒါဟာ အီရန်အတွက် နိုင်ငံတကာ ဖိအား ပိုမို ကြီးမားလာစေမှာ ဖြစ်ပါတယ်။
—————————
THN Public Media
