နိုင်ငံရေး ပြည်တွင်း

NLD အစိုးရ ပြည်ထောင်စုဝန်ကြီး၊ တိုင်းအစိုးရဝန်ကြီး နဲ့ စီအီးစီ တို့ ပြန်လွတ်မြောက်

မတ်လ ၃ – ၂၀၂၆

NLD အစိုးရ လက်ထက် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ နေပြည်တော် မြို့တော်ဝန်ဟောင်း NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးအောင် နဲ့ ရန်ကုန်တိုင်း အစိုးရ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည် တို့ မနေ့က လွတ်ငြိမ်း နဲ့ ပြန်လည် လွတ်မြောက် လာကြပြီ ဖြစ်ပါတယ်။

ဒေါက်တာမျိုးအောင်ကို အဂတိလိုက်စားမှု ငါးမှုနဲ့ ၂၀၂၂ ခုနှစ်က အမှု တခုကို ထောင်ဒဏ် ၃ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့တာ ဖြစ်ပြီး ဦးမင်းသူကိုတော့ ပုဒ်မ ၁၃၀ (က)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅၊ ခြေချုပ် ပုဒ်မ ၁၀၇ အပါအ၀င် ပုဒ်မ များစွာနဲ့ ထောင်ဒဏ် ၈ နှစ်၊ ၆ လ ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်မိုးမိုးစုကြည်ဟာ ဖမ်းဆီးခံရပြီးနောက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အတွက် လှူဒါန်းထားတဲ့ ငွေကျပ်သိန်း ၆၀ ကျော်ကို ကိုယ်ကျိုးသုံးစွဲခဲ့တာ ကြောင့်လို့ ဆိုကာ အဂတိမှုနဲ့ တရားစွဲဆိုခံရပြီး ထောင်ဒဏ် ၈ နှစ် ချမှတ် ခံခဲ့ရ တာ ဖြစ်ပါတယ်။

ဒါအပြင် ‎မနေ့က လွတ်မြောက်လာသူတွေထဲမှာ ၈၈ ငြိမ်းပွင့်အဖွဲ့ဝင် ဦးဇော်ဝမ်းမောင်အပြင် လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်က ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းဖြစ်စဉ်အတွင်း ဖမ်းဆီးခံခဲ့ရတဲ့ ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းလည်း ပါဝင်ပြီး အင်းစိန်အကျဉ်းထောင်ကနေ လွတ်မြောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌ ဖြစ်သူ မဆုရည်လင်း (ခ) လင်းလင်း၊ ၎င်းရဲ့ အဒေါ်ဖြစ်သူ ဒေါ်နီမိုလှိုင်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ရွာသာကြီးနယ်မြေ) မှ ဒုတိယ ဥက္ကဋ္ဌ ကိုထက်ပိုင်စိုးနဲ့ မနွေးရတီတိုး တို့လည်း ပြန်လည် လွတ်မြောက်လာပြီ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အလုပ်အမှုဆောင် အထွေထွေ အတွင်းရေးမှူးဟောင်း (အပတ်စဉ် – ၁၅) မှ ကျောင်းသားဟောင်း ကိုဟိန်းထက်ဝေယံကို လည်း လွတ်မြောက် လာတယ်လို့ သိရပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်း တယောက်က “ဒီနေ့ လွှတ်တဲ့ဟာကတော့ တော်တော်လေးကို အံ့ဩစရာကောင်းပါတယ်။ အဲဒီလောက်ကြီး အဲဒီလိုမျိုး လူတွေ လွတ်လာမယ်လို့ မထင်ဘူးပေါ့နော်။ NLD က CEC ပုဂ္ဂိုလ်တွေ လည်း ပါတယ်ဆိုတော့။ ဒါက တော်တော်လေးကို ထူးထူး ခြားခြား နိုင်ငံရေးအကျဉ်းသား တော်တော်များများ လွတ်လာတယ်ပေါ့။ ဆိုတော့ ကျွန်တော် စဉ်းစားတာ ကတော့ တခါတည်း တပြိုင်နက် တည်းတော့ အကုန်လုံး လွတ်လာမယ် မထင်ဘူး။ ဒါပေမယ့် မျှော်လင့် ကြည့်တာကတော့ ဒီလိုမျိုးပဲ ဖြည်းဖြည်းချင်း လွှတ်သွားလိမ့်မယ်လို့ မျှော်လင့်တယ်။ လွှတ်လည်း လွှတ်ပေးစေချင်တယ်” လို့ ပြောပါတယ်။

“ကျွန်တော် ထင်တာကတော့ ဒီတခေါက်ပြီးလို့ နောက် လွှတ်တော်တွေ ခေါ်ပြီး အစိုးရတွေ ဘာတွေများ ဖွဲ့ပြီးရင်၊ သင်္ကြန်ပြီး မြန်မာနှစ်ဆန်း ၁ ရက်နေ့ လောက်မှာများ ကြီးကြီးမားမား ထပ်လွှတ်ဦးမလား ဆိုပြီးတော့ မျှော်လင့်မိသေးတယ်။ လွှတ်ပေးမယ်လို့တော့ ကျွန်တော်ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဦးဝင်းထိန်တို့လည်း လွှတ်ပေးကောင်း လွှတ်ပေးလာနိုင်တယ်။ တခုတော့ ရှိတာပေါ့လေ၊ သူတို့ဘက်က စဉ်းစား ကြည့်တဲ့ အခါကျတော့လည်း သူတို့က လုံခြုံရေးကို ဦးစားပေးပြီး ဒီလိုမျိုး ကြံဆတယ်လို့ပဲ ယူဆပါတယ်။ ကျွန်တော့် အထင်တော့ လွှတ်ပေးလာနိုင် ပါတယ်။ မျှော်လည်း မျှော်လင့်ပါတယ်” လို့လည်းသူက ပြောပါတယ်။

Photo – CJ

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *