မတ်လ ၃ – ၂၀၂၆
အစ္စရေးက တီဟီရန်နဲ့ ဘေရွတ်မြို့တွေကို အရုဏ်ဦး အချိန်မှာ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့သလို၊ အမေရိကန် ဘက်ကလည်း အီရန်အပေါ် “အပြင်းထန်ဆုံး ထိုးနှက်ချက်တွေ” လာဖို့ ရှိသေးတယ်လို့ သတိပေး လိုက်ပါတယ်။
လက်ဘနွန်တောင်ပိုင်းက ဒေသ အချို့မှာရှိတဲ့ ပြည်သူတွေကို အရေးပေါ်ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ သတိပေးချက် ထုတ်ပြန်ခဲ့ ပါတယ်။
အီရန်အပေါ် အပြင်းထန်ဆုံး ထိုးနှက်ချက်တွေ လာဖို့ ရှိနေသေးတယ် လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို က ပြောကြားခဲ့ပြီး၊ သူတို့ရဲ့ စစ်ရေးဗျူဟာဆိုင်ရာ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားမှာ မဟုတ်ဘူး လို့ ဆိုပါတယ်။
ဆော်ဒီအာရေးဗီးယားနိုင်ငံ ရီယာ့ဒ်မြို့မှာရှိတဲ့ အမေရိကန်သံရုံးဟာ ဒရုန်း နှစ်စင်းနဲ့ တိုက်ခိုက်ခံခဲ့ရ သလို၊ ဘာရိန်းနိုင်ငံက အမေရိကန် လေတပ် စခန်းအတွင်းမှာ ရှိတဲ့ ကွပ်ကဲမှုနဲ့ ဝန်ထမ်း အဆောက်အအုံတခု ပျက်စီး သွားပြီလို့ အီရန်နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်ခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေဟာ အီရန်အစိုးရကို တားဆီးဖို့ နောက်ဆုံးနဲ့ အကောင်းဆုံး အခွင့်အရေး ဖြစ်တာကြောင့် စစ်ပွဲစတင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် ပြောကြားခဲ့ပြီးနောက် ဖြစ်ခဲ့တာပါ။
စနေနေ့က အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် အီရန် အမြင့်ဆုံး ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးခဲ့ပြီးနောက် အစ္စရေးစစ်တပ်ဟာ တီဟီရန်မြို့ပေါ်ကို တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။
အစ္စရေးဟာ လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကိုလည်း အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး လုံးဝ ဖယ်ရှားပြီး တဲ့အထိ စစ်ရေး လှုပ်ရှားမှုတွေ ရပ်တန့်မှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။
လက်ဘနွန် ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ အဆိုအရ အစ္စရေးရဲ့ တိုက်ခိုက်မှု တွေကြောင့် လူပေါင်း ၅၂ ဦး သေဆုံးခဲ့ရပြီး ဗုံးကြဲမှုတွေ ကြောင့် ဘေရွတ်မြို့ခံ ရာပေါင်းများစွာဟာ ခိုလှုံရာ စခန်းတွေကို အတင်းအကျပ် ရွှေ့ပြောင်းနေကြရပါတယ်။
အခုအခြေအနေအရ စစ်ပွဲဟာ အီရန်နိုင်ငံထဲမှာတင် မကဘဲ လက်ဘနွန်က ဟစ်ဇ်ဘိုလာတွေ ဆီကိုပါ အရှိန်အဟုန်နဲ့ ကူးစက်လာ နေတာကို တွေ့ရ ပါတယ်။
အထူးသဖြင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် မာကို ရူဘီယိုရဲ့ ပြောကြားချက်အရ ရှေ့လျှောက် အီရန်အပေါ်မှာ အခုထက်ပိုပြီး ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ မြင်တွေ့ရဖို့ ရှိနေပါတယ်။
—————————
THN Public Media
