မတ်လ ၃ – ၂၀၂၆
အစ္စရေးက တီဟီရန်မြို့ရှိ သမ္မတရုံး အပါအဝင် အီရန် ခေါင်းဆောင်တွေ ရဲ့ အဆောက်အအုံတွေ ကို တိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်ခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ရဲ့ ထုတ်ပြန်ချက်အရ အီရန်သမ္မတရုံးနဲ့ အမြင့်ဆုံး အမျိုးသား လုံခြုံရေးကောင်စီ ရုံးနေရာတွေကို ဗုံးတွေ အမြောက် အမြား ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးကျောင်းတခုနဲ့ အီရန်အစိုးရရဲ့ တခြား အဓိက ကျတေဲ့ အခြေခံအဆောက်အအုံတွေ ကိုလည်း ထိမှန်အောင် တိုက်ခိုက် နိုင်ခဲ့တယ်လို့ ပြောကြားထားပါတယ်။
အဲဒီ အဆောက်အအုံဝင်းကို အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင်ဟောင်း အယာတိုလာ အလီ ခါမေနီက အသုံးပြုခဲ့တာဖြစ်တယ်လို့ IDF က ဆိုပါတယ်။
ခါမေနီဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုအတွင်း သူ နေထိုင်ရာ အဆောက်အအုံဝင်းထဲမှာတင် သေဆုံး ခဲ့တာ ဖြစ်ပါတယ်။
အခုဆိုရင် အမေရိကန်-အစ္စရေး တိုက်ခိုက်တွေ စတင်ကတည်းက အီရန်မှာ သေဆုံးသူ အရေအတွက် ၇၈၇ ဦး အထိ ရှိလာပြီဖြစ်ကြောင်း လခြမ်းနီ အဖွဲ့ က ပြောပါတယ်။
စနေနေ့ ကတည်းက တီဟီရန်မြို့ နေရာအနှံ့ တိုက်ခိုက်ခံနေရပြီး Natanz က နျူကလီးယား စခန်းလည်း ပျက်စီးခဲ့ပါတယ်။
အစ္စရေးနိုင်ငံကို ပြန်လည်တိုက်ခိုက်မှုတွေ ရပ်တန့်စေဖို့ အတွက် မြေပြင် တပ်ဖွဲ့ဝင်တွေက လက်ဘနွန် နိုင်ငံ အတွင်း တခြား မဟာဗျူဟာမြောက် နယ်မြေတွေကို ထပ်မံသိမ်းပိုက်သွားမှာ ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာ စျေးကွက်မှာတော့ ရေနံနဲ့ ဓာတ်ငွေ့စျေးနှုန်းတွေ မြင့်တက် နေပြီး ရှယ်ယာစျေးနှုန်းတွေ ကျဆင်းနေကြောင်း စီးပွားရေး သတင်းတွေ မှာ ဖော်ပြနေကြပါတယ်။
ဗြိတိန်အစိုးရ ကတော့ ဒေသတွင်းက သူတို့ နိုင်ငံသားတွေကို ပြန်လည်ခေါ် ယူဖို့ ပထမဆုံး အထူးလေယာဉ်ကို ကြေညာလိုက်ပြီး လေယာဥ်ဟာ လာမယ့် ရက်ပိုင်းအတွင်း အိုမန်နိုင်ငံက ထွက်ခွာမှာ ဖြစ်ပါတယ်။
တချိန်တည်းမှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗြိတိန် စစ်စခန်း တွေကို အသုံးပြုခွင့်ပေးဖို့ အစောပိုင်းက ငြင်းဆိုခဲ့တဲ့ အတွက် ဝန်ကြီးချုပ် ကီယာ စတာမာကို ထပ်မံ ဝေဖန်လိုက်ပါတယ်။
စနေနေ့က အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် အီရန် အမြင့်ဆုံး ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးခဲ့ပြီးနောက် အီရန်က ဒေသတွင်း နေရာအများအပြားကို ပြန်လည် တိုက်ခိုက်ခဲ့ကာ၊ အမေရိကန် အစိုးရ ကလည်း အရှေ့အလယ်ပိုင်းရှိ သူတို့ရဲ့ နိုင်ငံသားတွေ ကို ချက်ချင်း ထွက်ခွာကြဖို့ တနင်္လာနေ့က သတိပေးခဲ့ ပါတယ်။
ref: bbc
—————————
THN Public Media
