မတ်လ ၅ – ၂၀၂၆
အစ္စရေးစစ်တပ်က အီရန်မြို့တော် တီဟီရန်တစ်ဝန်းကို နောက်ထပ် ထိုးစစ်လှိုင်းသစ်တွေ ဆက်တိုက်ပြုလုပ်နေပြီလို့ ထုတ်ပြန် လိုက်ပါတယ်။
အစ္စရေးတပ် IDF ဟာ တီဟီရန် တဝန်း အစိုးရပိုင် စစ်ဘက် ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး နောက်ထပ် တိုက်ခိုက်မှု လှိုင်းတခုကို စတင်လိုက်ပြီး လို့ အစ္စရေး စစ်တပ် ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
အစောပိုင်းတုန်းကလည်း အစ္စရေး လေတပ်ဟာ တီဟီရန် အရှေ့ပိုင်းက ကွပ်ကဲမှု ဗဟိုဌာနတွေနဲ့ ပြည်တွင်း လုံခြုံရေး တပ်ဖွဲ့တွေရှိရာ ဝင်းတခုကို အကြီးစား တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
ဝါရှင်တန်ဒီစီမှာတော့ အီရန်အပေါ် သမ္မတထရမ့်ရဲ့ စစ်ရေးအရ အရေးယူ ဆောင်ရွက်နိုင်တဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်မယ့် စစ်အာဏာ ဆိုင်ရာ ဥပဒေကြမ်းကို အမေရိကန်လွှတ်တော် အမတ်တွေက ကန့်ကွက်မဲ ပေးခဲ့ကြ ပါတယ်။
အထက်လွှတ်တော်မှာ သမ္မတရဲ့ စစ်အာဏာကို ကန့်သတ်ဖို့ မဲခွဲရာ ၄၇ မဲ-၅၃ မဲနဲ့ ရှုံးနိမ့်သွားခဲ့ပြီး၊ လွှတ်တော်အမတ် တွေဟာ သူတို့ရဲ့ ပါတီ ရပ်တည်ချက် အတိုင်းပဲ မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အမေရိကန် အစိုးရ ယန္တရားမှာ စစ်တရားဝင် ကြေညာပိုင်ခွင့်ရှိတဲ့ တခုတည်းသော အဖွဲ့အစည်းဖြစ်တဲ့ ကွန်ဂရက်လွှတ်တော် အနေနဲ့ အီရန် စစ်ဆင်ရေးတွေနဲ့ ပတ်သက်လို့ ဆက်လက် ဆွေးနွေးသွားဖို့ ရှိနေ ပါသေးတယ်။
အောက်လွှတ်တော်မှာလည်း အဲဒီမေးခွန်းနဲ့ ပတ်သက်လို့ ဒီကနေ့မှာ မဲခွဲဖို့ ရှိနေပြီး၊ တကယ်လို့ ဒီစစ်ပွဲဟာ ထရမ့် ခန့်မှန်းထားတဲ့ သီတင်းပတ် အနည်းငယ်ထက် ပိုမိုကြာရှည် သွားမယ်ဆိုရင် ရှေ့လျှောက်မှာ စစ်အာဏာ ကန့်သတ်ရေးကို ထောက်ခံသွားဖို့ ရှိတယ်လို့ အထက် လွှတ်တော် အမတ်အချို့က ဆိုပါတယ်။
—————————
THN Public Media
