နိုင်ငံရေး ပြည်တွင်း

ကွတ်ခိုင်မြို့ကို MNDAA တပ်ဖွဲ့ထိန်းချုပ်၊ မြို့ပြင်မှာ တိုက်ပွဲဆက်ဖြစ်နေ

မတ်လ ၁၅ – ၂၀၂၆

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့ကို ဒီကနေ့ မတ် ၁၅ ရက်နေ့ ညနေပိုင်းမှာ ကိုးကန့်တပ် MNDAA တပ်ဖွဲ့က ထိန်းချုပ်လိုက်ပြီ ဖြစ်တယ် လို့ ဒေသခံတွေဆီက သိရပါတယ်။

” ခုလက်ရှိအခြေအနေက တအောင်းပလောင်တွေ ထွက်သွားပြီ။ အခုတပ်ရဲ့ နောက်ကျောက တောင်ကြောကို သူတို့ ဆုတ်သွားတော့ နောက်ကနေ ဒရုန်းလိုက်ပစ်နေကြတယ်။ လောလောဆယ်မြို့ကို ကိုးကန့်တပ်က သိမ်းသွားပြီပြောလို့ရတယ်။ ” လို့ ဒေသခံက ပြောပါ တယ်။

မနက် ၅ နာရီလောက်က စပြီး နေ့လယ် ၁ နာရီလောက် အထိ ကွတ်ခိုင်မြို့ ထဲမှာ ဒရုန်းဗုံး တိုက်ခိုက်မှု ၊ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေ ဆက်တိုက် ရှိခဲ့ပေမယ့် ၁ နာရီ နောက်ပိုင်းမှာတော့ TNLA တပ်တွေ မြို့ထဲ ကနေ ဆုတ်ခွာသွားတာကြောင့် ပစ်ခတ်မှု ရပ်သွားတယ်လို့ သိရပါတယ်။

ဒါကြောင့် လက်ရှိမှာ ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်တွေက ထိန်းချုပ်ထားပြီး မြို့ပြင် တပ်ဆုတ်သွားတဲ့ TNLA တပ်တွေကိုတော့ လိုက်လံ ပစ်ခတ် ရှင်းလင်းမှု တွေ ရှိနေသေးတယ်လို့ သိရပါတယ်။

မတ်လ ၁၄ ရက်နေ့မှာ ကွတ်ခိုင်မြို့ထဲက TNLA တပ်စခန်းတွေကို MNDAA တပ်တွေက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာကနေ ဒီကနေ့အထိ တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ နှစ်ရက်တာ အတွင်းမှာ ကွတ်ခိုင်မြို့နယ် ဒေသခံတွေ အနေနဲ့ စစ်ရှောင်တာမျိုးမရှိဘဲ နေအိမ်မှာပဲ နေထိုင်ခဲ့ကြကြောင်း၊ တိုက်ပွဲ ကြောင့် နေအိမ်တချို့ ဒရုန်းဗုံး ထိမှန်ပျက်စီးမှုရှိခဲ့ပြီး ဒေသခံတချို့လည်း ထိခိုက် ဒဏ်ရာရမှုရှိခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၄ ရက်နေ့မှာ TNLA ရဲ့ တပ်စခန်းတွေဖြစ်တဲ့ မန်ပြိန်း နဲ့ ကောင်းခါးရွာ လမ်းခွဲက စခန်းကို လက်နက်ကြီး၊ လက်နက်ငယ်၊ Drone ဗုံးနဲ့ စတင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကွတ်ခိုင်မြို့ရှိ ဗျူဟာတပ်ကုန်း၊ ရှုခင်းသာမှာရှိတဲ့ ကာကင်းကုန်းနဲ့ လွိုင်ဆမ်ဆစ် တောင်ကုန်း စခန်းကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန် ထားပါတယ်။

ဒါအပြင် ကွတ်ခိုင်မြို့နယ်ရှိ မုံးစီးရွာတပ်စခန်း၊ မုံးဟွမ်ရွာတပ်စခန်း၊ ရှောက်ဟော်ရွာတပ်စခန်း၊ လွယ်ကန်ရွာ တပ်စခန်း နဲ့ မန်ဂျယ်တပ်စခန်း နဲ့ နမ့်ဖတ်ကာရွာက တပ်စခန်းတွေကိုလည်း ဒရုန်းဗုံးကြဲချတိုက်ခိုက်ခဲ့တယ် လို့ ဆိုပါတယ်။

နောက်ပြီး မူဆယ် (၁၀၅)မိုင်ဒေသနဲ တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ ဂိတ်ရှိ TNLA တပ်ဖွဲဝင် ၄၇ ယောက်နဲ့ အတူ လက်နက် ၄၈ လက်ကို MNDAA တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန် ထားပါတယ်။

TNLA အနေနဲ့ ယခုလို ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ ကို မိတ်ဖက် ပြဿနာအဖြစ်သာ သတ်မှတ်ဖြေရှင်းထားတဲ့အတွက် မဟာမိတ်အဖွဲ့မှ မိမိတို့အား ထိုးစစ်ဆင်တိုက်ခိုက်လာပေမယ့်လည်း ပြန်လည်ပစ်ခတ်ခြင်း မပြုလုပ်ခဲ့ကြောင်း ၊ မဟာမိတ် တိုင်းရင်းသားညီနောင်အကြားဖြစ်ပေါ်တဲ့ ပြဿနာကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းဖြင့် ကြိုးစားအဖြေရှာသွားမယ်လို့ တဆက်တည်း သတင်းထုတ်ထားတာ တွေ့ရပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *