ဧပြီ ၉ – ၂၀၂၆
သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြား လုနီးပါး ဖြစ်နေချိန်မှာပဲ အီရန်နိုင်ငံဟာ ဟော်မုဇ် ရေလက်ကြား ကို တကျော့ပြန် ပိတ်ဆို့လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အပစ်ရပ်ဖို့ သဘောတူထားပေမဲ့လည်း အစ္စရေးဘက်က လက်ဘနွန် အပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်ခြင်း မရှိတာကြောင့် အခုလို အရေးပါတဲ့ ရေလမ်းကြောင်း ကနေ ရေနံတင်သင်္ဘောတွေ ဖြတ်သန်းခွင့်ကို ပိတ်ပင် လိုက်တာဖြစ်ကြောင်း Fars သတင်းဌာနက ဆိုပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က အမေရိကန်နဲ့ အီရန်တို့ကြား နှစ်ပတ်ကြာ အပစ်ရပ်ဖို့ သဘောတူပြီး နောက်မှာ အီရန်ဟာ ရေနံတင်သင်္ဘော နှစ်စင်းကို ရေလက်ကြား ကနေ ဘေးကင်းစွာ ဖြတ်သန်းခွင့် ပေးခဲ့ပါတယ်။
အစိုးရ မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ ရေလက်ကြား ပိတ်ဆို့မှုကို တရားဝင် အတည်မပြုသေးပေမဲ့ ဒီသင်္ဘောနှစ်စင်းဟာ နောက်ဆုံး ခွင့်ပြုချက် ရရှိခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
အပစ်ရပ်စဲရေး ကြေညာပြီး နာရီပိုင်း အကြာမှာပဲ အီရန်နဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေမှာ တိုက်ခိုက်မှု အသစ်တွေ ရှိခဲ့ကြောင်း သိရပြီး ဒါဟာ ရရှိထားတဲ့ သဘောတူညီချက်ကို ပျက်ပြယ်စေမလားဆိုတာတော့ ရှင်းရှင်း လင်းလင်း မရှိသေးပါ။
အခုသဘောတူညီချက် အရ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောတွေ ဆီကနေ အခကြေးငွေ ကောက်ခံမယ့် စနစ်သစ်ကို တရားဝင် လုပ်ဆောင်ခွင့် ရမှာ ဖြစ်သလို၊ အမေရိကန် ဘက်ကလည်း အီရန်ရဲ့ သန့်စင် ပြီးသား ယူရေနီယမ်တွေကို ဖယ်ရှားနိုင်ဖို့ တီဟီရန်နဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ ဒေါ်နယ်ထရမ့်က ပြောထားပါတယ်။
ပါကစ္စတန်နဲ့ တခြားနိုင်ငံတွေ ကတော့ အစ္စရေးကျူးကျော်ထားတဲ့ လက်ဘနွန် နိုင်ငံတွင်းက တိုက်ပွဲတွေပါ ရပ်တန့်သွားမယ်လို့ ဆိုကြပေမဲ့ ဝန်ကြီးချုပ် နေတန်ယာဟု ကတော့ ဒီသဘောတူညီချက်ဟာ ဟစ်ဇ်ဘိုလာ နဲ့ တိုက်နေတဲ့ တိုက်ပွဲတွေနဲ့ မသက်ဆိုင်ဘူးလို့ တုံ့ပြန်ထားပါတယ်။
ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းမှာတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဟာ ဘေရွတ်မြို့ လယ်က လူနေထူထပ်တဲ့ စီးပွားရေးနဲ့ လူနေရပ်ကွက်တွေကို ထိမှန်ခဲ့တာကြောင့် လူပေါင်းဆယ်ဂဏန်း သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာ ရရှိခဲ့ပါတယ်။
အစ္စရေးစစ်တပ် IDF ကတော့ ဒါဟာ စစ်ပွဲအတွင်း အကြီးမားဆုံးသော ပူးပေါင်း စစ်ဆင်ရေးဖြစ်ပြီး ဘေရွတ်မြို့က ဟစ်ဇ်ဘိုလာဌာနချုပ်နဲ့ စစ်ရေး ပစ်မှတ် ၁၀၀ ကျော်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီအခြေအနေတွေကြောင့် အီရန်ကလည်း အစ္စရေးကို လက်တုံ့ပြန် တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်သလို အပစ်ရပ်စဲရေးကနေ လုံးဝ နုတ်ထွက် သွားနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
အီရန်စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ် တခုက Fars သတင်းဌာနကို ပြောကြား ရာမှာတော့ တီဟီရန် အနေနဲ့ အစ္စရေး စစ်စခန်းတွေကို တန်ပြန် တိုက်ခိုက်ဖို့ အတွက် ပြင်ဆင်မှုတွေကို အချောသပ် လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။
အမေရိကန်ဟာ နေတန်ယာဟုကို မထိန်းချုပ်နိုင်တာ ဒါမှမဟုတ် အမေရိကန် စစ်ဌာနချုပ် CENTCOM ကပဲ အစ္စရေးကို စိတ်ကြိုက် တိုက်ခိုက်ဖို့ ခွင့်ပြုထားတာ ဖြစ်နိုင်တယ်လို့ အီရန်ဘက်က ရှုမြင်နေ ပါတယ်။
တကယ်လို့ အစ္စရေးက လက်ဘနွန်ကို ဆက်တိုက်နေမယ် ဆိုရင် အီရန် ဟာ အပစ်ရပ်စဲရေး ကနေ နုတ်ထွက်တော့မှာဖြစ်ကြောင်း Tasnim သတင်းဌာန ကလည်း ခိုင်လုံတဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ဖော်ပြထား ပါတယ်။
ဒါ့အပြင် တီဟီရန်ဟာ လက်တုံ့ပြန်ဖို့ အတွက် ပစ်မှတ်တွေကို ရှာဖွေနေပြီ ဖြစ်ပြီး တကယ်လို့ အမေရိကန်အနေနဲ့ ဒေသတွင်းက သူတို့ရဲ့ “ခွေးရူး” ကို မထိန်းနိုင်ဘူးဆိုရင်တော့ အီရန်ကပဲ အင်အားသုံးပြီး ထူးထူးခြားခြား ကူညီ ထိန်းကျောင်းပေးသွားမယ်လို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
—————————
THN Public Media
