ဧပြီ ၉ – ၂၀၂၆
ဗုဒ္ဓဟူးနေ့က လက်ဘနွန်အပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဟာ အမေရိကန်နဲ့ အီရန်ကြား သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ကြီးမားစွာ ချိုးဖောက်တာ ဖြစ်တယ်လို့ အီရန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Saeed Khatibzadeh က ပြောကြားလိုက်ပါတယ်။
လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဗုဒ္ဓဟူးနေ့ တိုက်ခိုက်မှုအတွင်း လူပေါင်း ၂၀၃ ဦး သေဆုံးခဲ့ရပြီး ဒါဟာ အစ္စရေးရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်တယ်လို့ သူက စွပ်စွဲထားပါတယ်။
ဒါ့အပြင် အမေရိကန်ဘက်က ကျူးကျော်စော်ကားမှုတွေ ကို ရုပ်သိမ်းမယ် ဆိုရင် ဟော်မုဇ် ရေလက်ကြား ကို ပြန်ဖွင့်ပေးမယ်လို့လည်း Khatibzadeh က ဆိုပါတယ်။
မနေ့ညက အိမ်ဖြူတော်ကို အီရန်ဘက်က သတင်းစကားတခု ပါးလိုက်တယ်လို့ Saeed Khatibzadeh က ပြောပါတယ်။
အဲဒါကတော့ “ခင်ဗျားတို့အနေနဲ့ အရာရာကို ကိုယ်ဖြစ်ချင်သလိုပဲ အခွင့်အရေးအကုန် ရချင်လို့တော့ မရဘူး” ဆိုတဲ့ သတင်းစကားပါပဲ။
တဘက်မှာလည်း ဒေါ်နယ်ထရမ့်က အီရန် အနေနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို အပြည့်အဝ တကယ် လိုက်နာတဲ့ အထိ အမေရိကန် တပ်ဖွဲ့တွေ ဒေသတွင်းမှာ ဆက်ရှိနေမှာဖြစ်ကြောင်း ပြောဆိုထား ပါတယ်။
အမေရိကန်နဲ့ အီရန်တို့ဟာ အင်္ဂါနေ့ နှောင်းပိုင်းမှာ အပစ်အခတ် ရပ်စဲရေး ကို ကြေညာခဲ့ကြပေမဲ့ အီရန်ဘက်က တကယ်တမ်း ဘာကို သဘောတူခဲ့ တာလဲ ဆိုတာနဲ့ ပတ်သက်ပြီး သတင်းတွေက ရှေ့နောက်မညီ ဖြစ်နေ ပါတယ်။
ဒီသဘောတူညီချက်ထဲမှာ နျူကလီးယားလက်နက် လုံးဝမရှိစေရ ဆိုတဲ့ အချက်နဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ ပါဝင်တယ်လို့ ထရမ့်က အခိုင်အမာ ပြောနေပေမဲ့ ဗုဒ္ဓဟူးနေ့မှာတော့ ရေလက်ကြားဟာ ဆက်လက် ပိတ်ထားဆဲဖြစ်တယ် လို့ သင်္ဘောတွေကို အီရန်ဘက်က အကြောင်းကြားခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန်ဘက် ကတော့ သင်္ဘောတွေ သွားလာမှု ပြန်တက် လာတယ် လို့ ဆိုနေပါတယ်။
—————————
THN Public Media
