ဧပြီ ၂၂ – ၂၀၂၆
ဒီကနေ့ မြန်မာနိုင်ငံ ကို တရားဝင် ရောက်ရှိနေတဲ့ ထိုင်းဒုတိယဝန်ကြီးချုပ်/ နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ခရီးစဥ် ရဲ့ အဓိက ရည်ရွယ်ချက် (၃) ချက် ကို ပြောကြားခဲ့ပါတယ်။
အဲဒီအချက်တွေ ကတော့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု၊ နယ်စပ်ဒေသ ပူးပေါင်း ဆောင်ရွက်မှုနဲ့ ဒေသတွင်း ဆက်ဆံရေးကို ပြန်လည်မြှင့်တင်ဖို့ ဖြစ်တယ် လို့ ဆိုပါတယ်။
ခရီးစဉ် အတွင်းမှာပဲ Sihasak က သူ့ရဲ့ ခရီးစဉ်ရဲ့ ပထမဆုံး ရည်ရွယ်ချက် ကတော့ မြန်မာနိုင်ငံရဲ့ အစိုးရသစ်ကို ဂုဏ်ပြုဖို့ဖြစ်ကြောင်း ပြောပါတယ်။
သမ္မတ မင်းအောင်လှိုင် ရွေးချယ်ခံရတာဟာ အရေးပါတဲ့ အသွင်ကူးပြောင်း မှု တခုဖြစ်ပြီး ဒါဟာ နိုင်ငံကို ငြိမ်းချမ်းရေးဖြစ်စဉ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ မတူကွဲပြားတဲ့ အဖွဲ့အစည်းတွေကြား ဆွေးနွေးမှုတွေ ဆီကို ပို့ဆောင်ပေးလိမ့်မယ်လို့ သူက ဆိုပါတယ်။
အိမ်နီးချင်း နိုင်ငံတနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးကို မြင်တွေ့လိုပါတယ်လို့ သူက ပြောကြားခဲ့ ပါတယ်။
ဒုတိယ ရည်ရွယ်ချက် ကတော့ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အခန်းကဏ္ဍသစ် တခု ဖွင့်လှစ်ဖို့ ဖြစ်ပြီး ဘန်ကောက်အနေနဲ့ နယ်စပ် လုံခြုံရေးနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု တွေကို နှိမ်နင်းရာမှာ ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ဖို့ ကြိုးပမ်းနေပါတယ်။
Sihasak က ထိုင်းနိုင်ငံထဲအထိ ကူးစက်လာတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း တွေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေအပြင် လေထုနဲ့ ရေ အရည်အသွေးကို ထိခိုက်စေတဲ့ နယ်စပ်ဖြတ်ကျော် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်မိကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။
နှစ်နိုင်ငံ စုစုပေါင်း ကုန်သွယ်မှုရဲ့ ၈၀ ရာခိုင်နှုန်းလောက်ရှိတဲ့ နယ်စပ် ကုန်သွယ်ရေးကို ပြန်လည်ဖွင့်လှစ်ဖို့ အရေးကြီးကြောင်း သူက အလေးထား ပြောဆိုခဲ့ပြီး ဒါဟာ စီးပွားရေး ပြန်လည်ဦးမော့လာဖို့နဲ့ ဒေသခံတွေရဲ့ လူမှုဘဝ အတွက် အသက်သွေးကြောသဖွယ် ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
တတိယအနေနဲ့ Sihasak က မြန်မာနိုင်ငံ အနေနဲ့ အာဆီယံမှာ အပြည့်အဝ ပြန်လည် ပါဝင်လာနိုင်စေဖို့ အတွက် ထိုင်းနိုင်ငံက အဆင့်ဆင့် ထိတွေ့ ဆက်ဆံတဲ့ မူဝါဒနဲ့ ထောက်ခံအားပေးသွားမှာဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည် ဖော်ခြင်း မရှိသေးတာကို သူက ဝန်ခံပြီး၊ အာဆီယံရဲ့ စိုးရိမ်ချက်တွေကို မြန်မာနိုင်ငံ ဘက်က ဖြေရှင်းပေးဖို့ တိုက်တွန်းရင်း ဒီဖြစ်စဉ်ကို ရှေ့ဆက်ဖို့ အတွက် ထိုင်းနိုင်ငံက ဦးဆောင်ပါဝင်ဖို့ အဆင်သင့် ရှိတယ်လို့ ဆိုပါတယ်။
သမ္မတဟောင်း အပါအဝင် နိုင်ငံရေးသမားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ အစိုးရသစ်ရဲ့ ကြေညာချက်ကိုလည်း Sihasak က ကြိုဆိုခဲ့ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အထောက်အကူဖြစ်စေဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် လိုအပ်ချက် တွေ မြင့်တက်နေတဲ့ကြားထဲမှာပဲ၊ ခရီးစဉ်အတွင်း ဆွေးနွေးမှုတွေမှာ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် အကြမ်းဖက်မှုတွေကို လျှော့ချဖို့ ကြိုးပမ်းမှုတွေကိုလည်း ထည့်သွင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ အနေနဲ့ အာဆီယံနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကနေတဆင့် ထိခိုက်ခံစားရသူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပိုမို တိုးမြှင့်ပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေပါတယ်။
မြန်မာတိုက်လေယာဉ်တွေက ထိုင်းနယ်မြေထဲကို မှားယွင်းပြီး ဗုံးကြဲချ ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ Sihasak က ထိုင်းနိုင်ငံအနေနဲ့ ထိန်းထိန်း သိမ်းသိမ်း ရှိဖို့နဲ့ တင်းမာမှုတွေကို လျှော့ချဖို့ တိုက်တွန်း ထားကြောင်း၊ နယ်စပ်မှာ အင်အားသုံးတာတွေကို လျှော့ချပြီး နောက်ဆုံးမှာတော့ အပစ်အခတ် ရပ်စဲရေးအပြည့်အဝ ရရှိဖို့ တောင်းဆို ထားကြောင်း ပြောကြားခဲ့ပါတယ်။
ဒီကိစ္စကို စစ်ဘက်အချင်းချင်း ဆက်သွယ်ရေး လမ်းကြောင်းတွေကနေ တဆင့် ကိုင်တွယ်ဖြေရှင်းနေကြောင်း သူက ပြောပါတယ်။
ထိုင်းစစ်ဦးစီးချုပ်က မြန်မာနိုင်ငံကို အလည်အပတ် သွားရောက်ခဲ့ဖူးပြီး ဖြစ်သလို အဆင့်မြင့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုတွေကိုလည်း ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သူက မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။
နောက်ထပ် ဆွေးနွေးပွဲတွေကို ထိုင်းနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ မျှော်လင့်ထားပြီး အဲဒီမှာ နယ်စပ်လုံခြုံရေးက အဓိက အစီအစဉ် ဖြစ်လာပါလိမ့်မယ်။
Sihasak က PM 2.5 လေထုညစ်ညမ်းမှု ပြဿနာကိုလည်း အရေးတကြီး ဖြေရှင်းရမယ့် ဘုံစိန်ခေါ်မှုတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဒီကိစ္စကို မြန်မာ့ခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ဆွေးနွေးသွားမှာဖြစ်ပြီး လာအို အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အတွက် တွန်းအား ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: Thai PBS World
—————————
THN Public Media
