နိုင်ငံတကာ

အီရန်နဲ့ ဆွေးနွေးမယ့် အစီအစဥ် ထရမ့် ဖျက်သိမ်း

ဧပြီ ၂၆ – ၂၀၂၆

အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ပါကစ္စတန်ကိုသွားမယ့် အမေရိကန် သံတမန်တွေရဲ့ ခရီးစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့မှာ ဖျက်သိမ်းလိုက်ပါတယ်။

အမေရိကန် အထူးကိုယ်စားလှယ် Steve Witkoff နဲ့ သားမက်ဖြစ်သူ Jared Kushner တို့အနေနဲ့ အချိန်တွေ အလကား ကုန်နေလိမ့်မယ်လို့ ထရမ့်က ပြောပါတယ်။

အီရန်အနေနဲ့ ဆွေးနွေးချင်တယ်ဆိုရင် သူတို့လုပ်ရမှာက ဖုန်းဆက်ဖို့ပဲ ရှိတယ်လို့ သူက ထပ်လောင်းပြောပါတယ်။

ဒီမတိုင်ခင်ကတော့ အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Aragchi က ပါကစ္စတန်ကို ရောက်ရှိနေပြီး ကြားဝင်ညှိနှိုင်းပေးတဲ့ ပါကစ္စတန်နဲ့ အရင်ဆုံး ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးမှုအပြီးမှာ သူက စစ်ပွဲကို အဆုံးသတ်ဖို့ အီရန်ရဲ့ သဘောထားကို ရှင်းပြခဲ့ပေမဲ့ အမေရိကန်ဘက်က သံတမန်ရေးရာမှာ တကယ်ပဲ စိတ်ရင်းမှန် နဲ့ ဆောင်ရွက်မလား ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဧပြီ ၂၂ ရက်နေ့မှာ သက်တမ်းကုန်ခဲ့တဲ့ အပစ်အခတ် ရပ်စဲရေးကို ထရမ့်က သက်တမ်း တိုးပေးခဲ့ပေမဲ့ သံတမန်ရေး ကြိုးပမ်းမှုတွေ ကတော့ ရပ်တန့် နေဆဲပါ။

ပြီးခဲ့တဲ့ သောကြာနေ့မှာ အိမ်ဖြူတော်က ခရီးစဉ်အကြောင်း ပြောကြား ရာမှာ အီရန်ဘက်က ဆွေးနွေးချင်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အီရန်ဘက် ကတော့ တိုက်ရိုက် တွေ့ဆုံဖို့ ဘာအစီအစဉ်မှ မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

အခုတော့ နောက်ထပ် တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာဖို့ မျှော်လင့်ချက် တွေ နည်းပါး သွားပေမဲ့ အပစ်အခတ် ရပ်စဲရေးကို ဆက်လက် ထားရှိမယ် လို့ ထရမ့်က စနေနေ့မှာ ပြောပါတယ်။

အမေရိကန်ဘက်က ခရီးစဉ် ဖျက်သိမ်းလိုက်တာက စစ်ပွဲပြန်စဖို့လား လို့ Axios သတင်းဌာန က မေးမြန်းရာမှာ ထရမ့်က ‘’မဟုတ်ပါဘူး၊ အဲဒီလို မဆိုလို ပါဘူး၊ ကျွန်တော်တို့ အဲဒီအကြောင်း မစဉ်းစားရသေးပါဘူး’’ လို့ ဖြေကြားခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *