နိုင်ငံတကာ

ဝါရှင်တန် ညစာစားပွဲမှာ သမ္မတထရမ့်ကို လုပ်ကြံဖို့ ကြိုးပမ်းမှုနဲ့ သံသယရှိသူကို တရားစွဲပြီ

ဧပြီ ၂၈ – ၂၀၂၆

စနေနေ့ညက ကျင်းပတဲ့ Washington Hilton ဟိုတယ် ညစာစားပွဲမှာ လက်နက် နဲ့ အတင်း ဝင်ရောက် စီးနင်းဖို့ ကြိုးပမ်းခဲ့တဲ့ ကယ်လီဖိုးနီးယား ပြည်နယ်သား အမျိုးသား တဦးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို လုပ်ကြံဖို့ ကြိုးပမ်းမှု နဲ့ တရားစွဲဆိုလိုက်ပြီ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် Cole Tomas Allen ကို ဝါရှင်တန်ဒီစီ တရားရုံးမှာ တနင်္လာနေ့က ရုံးထုတ်လာခဲ့ပြီး လက်နက်ကိုင်ဆောင်မှု စွဲချက် နှစ်ခု နဲ့လည်း တရားစွဲဆိုထားပါတယ်။

သူကတော့ အမှုနဲ့ပတ်သက်ပြီး ထွက်ဆိုချက် မပေးခဲ့ပါဘူး။

အစိုးရရှေ့နေတွေရဲ့ အဆိုအရ သူဟာ စနေနေ့က အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲမှာ လုံခြုံရေးဂိတ်ကို အတင်း ဖြတ်ကျော် ဝင်ရောက်လာစဉ် အော်တိုမစ်တစ် သေနတ်အတို တလက်၊ ကိုးလုံးကျည် သေနတ်တလက် နဲ့ ဓားသုံးချောင်းကို ကိုင်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

ဟိုတယ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှု အတွင်း လုံခြုံရေးအေးဂျင့်တဦး သေနတ် ထိမှန်ခဲ့ပေမဲ့ စိုးရိမ်ရတဲ့ ဒဏ်ရာတော့ မဖြစ်ခဲ့ပါ။

ပြစ်မှုထင်ရှားပါက တရားခံဟာ ထောင်ဒဏ် တသက်တကျွန်း ကျခံရနိုင် ပါတယ်။

မြို့တော်မှာ တနင်္လာနေ့က ရုံးထုတ်လာတုန်း ကတော့ တရားခံဟာ နာမည် ကပ်ထားတဲ့ အပြာရောင် အကျဉ်းသား ဝတ်စုံကို ဝတ်ဆင်ထားပြီး ငြိမ်သက် နေပုံရပါတယ်။

တရားသူကြီးရဲ့ မေးခွန်းတွေကို သူက “ဟုတ်တယ်” “မဟုတ်ဘူး” လို့သာ ခပ်အေးအေး ပြန်ဖြေပါတယ်။

#ဖြစ်စဥ်

————

တရားခံဟာ အခမ်းအနားကျင်းပနေတဲ့ မြေအောက်ခန်း ကို ဝင်ရောက်ရာ အထက်ဘက်က လုံခြုံရေး ဂိတ်ကို အတင်းဝင်ရောက် လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရာရှိတဦး ရင်ဘတ်ကို သေနတ်ထိမှန်ခဲ့ပေမဲ့ သူဝတ်ဆင် ထားတဲ့ ကျည်ကာအင်္ကျီက အလုပ်ဖြစ်ခဲ့တယ်လို့ ယာယီအစိုးရ ရှေ့နေချုပ် Todd Blanche က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အဲဒီ အရာရှိက Allen ကို ၅ ချက် ပြန်ပစ်ခဲ့ပြီး Allen ကတော့ ကျည်ထိမှန်ခြင်း မရှိပေမဲ့ မြေပြင်ပေါ် လဲကျသွားတဲ့အတွက် ချက်ချင်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။

Allen ဟာ သူရဲ့ ရိုင်ဖယ် သေနတ်ကို အနည်းဆုံး တချက် ပစ်ခတ် ခဲ့တယ် လို့ ယူဆရကြောင်း Todd Blanche က ပြောပါတယ်။

လုံခြုံရေး အရာရှိကို တရားခံက ပစ်တာလား ဒါမှမဟုတ် တခြားလုံခြုံရေး အဖွဲ့တွေရဲ့ ပစ်ခတ်မှုကြားမှာ ထိမှန်သွားတာလားဆိုတာ မသေချာသေးပါဘူး။

အဲဒီအရာရှိကိုတော့ ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။

#တရားခံရဲ့အစီအစဥ်

————–

တရားခံဟာ ထရမ့်ကို သတ်ဖြတ်ဖို့အတွက် ပြည်နယ်အတော်များများကို ဖြတ်ကျော်လာခဲ့တာလို့ တရားရုံးကနေ ကြားသိရပါတယ်။

တာဝန်ရှိသူတွေရဲ့ အဆိုအရ တရားခံဟာ ဧပြီ ၂၁ ရက်နေ့မှာ လော့စ် အိန်ဂျလိစ် အနီး တော်ရန့်စ်မြို့က သူ့အိမ်ကနေ ထွက်ခွာလာပြီး ရထားနဲ့ ချီကာဂိုကို သွားရောက်ခဲ့ပါတယ်။

ဧပြီ ၂၄ မှာ ချီကာဂိုကနေ ထွက်လာပြီး ဝါရှင်တန်ကို ရောက်ရှိကာ ညစာစားပွဲ မတိုင်ခင် အဲဒီဟိုတယ် မှာ တည်းခိုခဲ့တာ ဖြစ်ပါတယ်။

သူဟာ နာမည်ကျော် ကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ်မှာ ပညာ သင်ကြားခဲ့သူဖြစ်ပြီး လော့စ်အိန်ဂျလိစ် ဒေသ ပါဆာဒီနာ ယူနိုက်တက် ရီဖောင်း ဘုရားကျောင်း တက်နေသူလည်း ဖြစ်ပါတယ်။

ဖက်ဒရယ် ရွေးကောက်ပွဲ ငွေကြေးဆိုင်ရာ မှတ်တမ်းတွေ အရ သူဟာ ၂၀၂၄ သမ္မတလောင်း ကမ်မလာ ဟားရစ်ကို ထောက်ခံတဲ့ အနေနဲ့ ဒီမိုကရက်တစ် ပါတီရဲ့ နိုင်ငံရေး လှုပ်ရှားမှု ကော်မတီကို ၂၅ ဒေါ်လာ လှူဒါန်းခဲ့ဖူးပါတယ်။

တရားရုံးတင် စာတမ်းတွေ အရ တရားခံဟာ တိုက်ခိုက်မှု မလုပ်ခင် ခဏလေး အလိုမှာ သူ့မိသားစုဆီ အီးမေးလ် ပို့ခဲ့ပြီး “အစိုးရ အရာရှိ တွေဟာ ပစ်မှတ်တွေဖြစ်ပြီး အမြင့်ဆုံးကနေ အနိမ့်ဆုံး အဆင့် အထိ ဦးစားပေးသတ်မှတ်ထားတယ်” လို့ ရေးသားခဲ့ပါတယ်။

“လုံးဝလိုအပ်မယ်ဆိုရင်တော့ ဒီမှာရှိတဲ့ လူအများစုကို ကျော်ဖြတ်ပြီး ပစ်မှတ်ဆီ အရောက်သွားမှာပါ” လို့ သူက ထပ်မံ ရေးထားပါတယ်။

#သမ္မတ လုံခြုံရေးပြန်လည်သုံးသပ်

—————

ထရမ့်ကို လုပ်ကြံဖို့ ကြိုးပမ်းတဲ့ တတိယအကြိမ်မြောက် ဒီဖြစ်ရပ်ကို စုံစမ်း နေချိန်မှာပဲ လုံခြုံရေးတာဝန်ရှိသူတွေဟာ သမ္မတရဲ့ လုံခြုံရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ပြန်လည်သုံးသပ်နေပါတယ်။

Washington Hilton ဟိုတယ်ရဲ့ လုံခြုံရေးက တကယ်ပဲ ခိုင်မာမှုရှိရဲ့လား၊ ပွဲတက်ရောက် လာသူတွေကို ဘာလို့ မှတ်ပုံတင် မစစ်ဆေးတာလဲ၊ သမ္မတ၊ ဒုသမ္မတနဲ့ လက်ဆင့်ကမ်း တာဝန် ဆက်ခံမယ့် သူတွေကို ဘာလို့ တနေရာတည်း မှာ စုစည်း ထားရတာလဲ ဆိုတာကို အများက မေးခွန်း ထုတ်နေကြ ပါတယ်။

တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာတော့ ယာယီ အစိုးရရှေ့နေချုပ်က “လုံခြုံရေးအဖွဲ့တွေက ပွဲကို ကာကွယ်ပေးတဲ့နေရာမှာ အမှားမလုပ်ခဲ့ ပါဘူး” လို့ ပြောပါတယ်။

သေနတ်သမားဟာ တထပ်အကွာမှာပဲ ရှိနေပြီး “သူနဲ့ သမ္မတကြားမှာ ဖက်ဒရယ် အေးဂျင့် ရာနဲ့ချီ ရှိနေတာပါ” လို့ သူက ထောက်ပြပါတယ်။

ဒီ Washington Hilton ဟိုတယ်မှာပဲ လွန်ခဲ့တဲ့ ၄၅ နှစ်က သမ္မတ ရော်နယ် ရေဂင်ကို လုပ်ကြံဖို့ ကြိုးပမ်းမှု ဖြစ်ခဲ့ပြီး၊ ဟိုတယ်ကတော့ လုံခြုံရေး အဖွဲ့ရဲ့ လမ်းညွှန်ချက် အတိုင်း လိုက်နာခဲ့တယ်လို့ ပြောပါတယ်။

အိမ်ဖြူတော် အဆင့်မြင့် အရာရှိတစ်ဦးကတော့ ထရမ့်ဟာ လုံခြုံရေးအဖွဲ့ရဲ့ ဦးဆောင်မှုကို “ယုံကြည်မှု အပြည့်ရှိနေတယ်” လို့ ပြောပါတယ်။

အိမ်ဖြူတော် ဝန်ထမ်းအဖွဲ့အကြီးအကဲ Susie Wiles က ဒီသီတင်းပတ်မှာ “အဓိကပွဲတွေ အတွက် လုပ်ထုံးလုပ်နည်းတွေနဲ့ ကျင့်သုံးရမယ့် အချက်တွေ ကို ဆွေးနွေးဖို့” အစည်းအဝေး ခေါ်ယူမှာ ဖြစ်ပါတယ်။

ထရမ့်ကတော့ တနင်္လာနေ့မှာ စတင်ခဲ့တဲ့ ဗြိတိသျှ ဘရင်ရဲ့ အိမ်ဖြူတော် လေးရက်ကြာ နိုင်ငံတော် ခရီးစဉ်အတွင်း “အရမ်းကို စိတ်ချလုံခြုံနေမှာပါ” လို့ အာမခံချက် ပေးထားပါတယ်။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *