War နိုင်ငံရေး

ရေးဘီလူးအဖွဲ့ ဗုံးကြဲခံရလို့ ၁၂ ဦး သေဆုံး

မေလ ၂၇ – ၂၀၂၆

မွန်ပြည်နယ် ရေးမြို့နယ်ထဲမှာ အခြေစိုက်ထားတဲ့ ရေးဘီလူးအဖွဲ့ရဲ့ ဌာနချုပ် စခန်းကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခံရလို့ သေဆုံးသူ ၁၂ ဦးရှိပြီး ထိခိုက် ဒဏ်ရာရရှိသူ အများအပြားရှိခဲ့တယ်လို့ သိရှိရပါတယ်။

ဒီကနေ့ မေ ၂၇ ရက်နေ့ မနက် ၁ နာရီလောက်မှာ ကင်ပွန်းကျေးရွာအနီး အခြေစိုက်ထားတဲ့ ရေးဘီလူး အဖွဲ့ရဲ့ တပ်စခန်းကို လေကြောင်း တိုက်ခိုက် ခဲ့ရတာဖြစ်ပြီး စခန်းထဲက အဆောက်အဦ အားလုံးနီးပါးပျက်စီး မှုရှိခဲ့တယ်လို့ သိရပါတယ်။

” စခန်းတခုလုံးကြေသွားတယ်သိရတယ်။ လောလောဆယ်သိရတာ ၁၂ ယောက် သေတယ်။ တချို့ အလောင်းတွေဆို အသားစလောက်ပဲ တွေ့ရတယ်ပြောတယ်။ ထိခိုက်ဒဏ်ရာရတာ ၂၀ လောက် ရှိတယ်။ ရေးဘီလူး ကတော့ ခရီးတခု ထွက်နေလို့ လွတ်တယ်သိရတယ်။ ” လို့ စစ်ရေး သတင်းရင်းမြစ် တယောက်က ပြောပါတယ်။

ရေးဘီလူးစခန်း လေကြောင်းတိုက်ခိုက် ခံရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ရေးဘီလူး အဖွဲ့ဘက်ကတော့ ‘’ဒီနေ့မင်းတို့ပြုံးပါ…ကျန်တဲ့နေ့တွေမှာငါတို့အပြုံးပဲနော်( မအလ )’’ ဆိုပြီး ဖေ့စ်ဘွတ်မှာ ပို့စ် တင်ထားပါတယ်။

ရေးဘီလူး တပ်စခန်းနေရာကို အတိအကျ သတင်းပေးလာတဲ့ အတွက် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ ရေးသား ဖော်ပြနေတာ တွေ့ရပါတယ်။

ရေဘီလူးအဖွဲ့ဟာ NUG လက်အောက်ခံ တပ်ရင်းတခုဖြစ်ပြီး မွန်ပြည်နယ် အခြေစိုက်အဖွဲ့ဖြစ်ကာ ရေးမြို့နယ်အတွင်းမှာ အဓိက စစ်ရေး လှုပ်ရှားမှု တွေ ပြုလု်ပနေတာ ဖြစ်ပါတယ်။

ဒီလ မေ ၁၁ ရက်နေ့က ရေးမြို့နယ် ၊ လမိုင်းမြို့ရှိ အမှတ် ၁၀၆ ခြေလျင် တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးထွန်းရာကျော်ကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ခဲ့ပါတယ်။

crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *