နိုင်ငံရေး

SRF ပွိုင့်ကုန်းကို မင်းကင်း ပကဖ အင်အားသုံး ပစ်ခတ်စီးနင်းပြီး ရဲဘော် (၉) ဦးကို ဖမ်းဆီး၊ NUG ရဲ့ မူဝါဒလား မေးခွန်းထုတ်

မေလ ၂၇ – ၂၀၂၆

ကျောင်းသားတော်လှန်ရေးတပ်တော် SRF ပွိုင့်ကုန်းကို မင်းကင်း ပကဖ က မနေ့ မေလ ၂၆ ရက်နေ့မှာ အင်အားသုံး ပစ်ခတ်စီးနင်းပြီးနောက် SRF ရဲဘော် ၉ ဦးကို ဖမ်းဆီးကာ လက်နက်ခဲယမ်းတွေကို သိမ်းဆည်း ယူဆောင် သွားတယ်လို့ SRF က ဒီကနေ့ သတင်းထုတ်ပြန် ထားပါတယ်။

ဒီပွိုင့်ကုန်းဟာ စစ်တပ်နဲ့ အနီးဆုံး စစ်ဆိုင်ထားတာ ဖြစ်ပြီး အမှတ် ၄ ဒေသက ရဲဘော်တွေလည်း ပကဖ ဖမ်းဆီးခြင်းမခံရအောင် တိမ်းရှောင် နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိမ်းရှောင်နေတဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကို လည်း ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်နေတာကြောင့် မိသားစုတွေနဲ့ အရပ်သား ပြည်သူတွေလည်း အလွန် ထိန့်လန့်နေရတယ်လို့ ဖေါ်ပြထားပါတယ်။

SRF ကို ရန်သူလို သဘောထား ပစ်ခတ် ဖမ်းဆီး ချေမှုန်းလာတာ ဖြစ်တဲ့ အတွက် NUG မူဝါဒလမ်းစဥ် အရ လုပ်ဆောင်နေတာလား ဆိုပြီး SRF က မေးခွန်းထုတ်လိုက်ပါတယ်။

NUG အနေဖြင့် အမှန်တကယ်ညီညွတ်ရေးကို ရှေးရှုမယ်ဆိုရင် စားပွဲဝိုင်းမှာ ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း ဖြေရှင်းဖို့ တောင်းဆို ထားပြီး SRF ဘက်က အသင့်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *