နိုင်ငံရေး

မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက် အရှေ့တောင်အာရှက အငြိမ်းစား စစ်ဗိုလ်ချုပ်တဦးကို ခန့်အပ်ဖို့ အရှေ့တီမော သမ္မတ အကြံပြု၊ မြန်မာပြည်တွင်းစစ်ဟာ တနိုင်ငံလုံး စီးပွားပျက်စီးပြီး ပြည်သူတွေဒုက္ခရောက်တဲ့ စစ်လို့ ဆို

East Timor’s President Jose Ramos-Horta gestures as he prepares to deliver a special address during the 23rd Shangri-La Dialogue summit in Singapore on May 30, 2026. (Photo by JAM STA ROSA / AFP via Getty Images

မေလ ၃၁ – ၂၀၂၆

အရှေ့တီမော သမ္မတ ဟိုဆေး ရာမို့စ် ဟော်တာ က ရေရှည်ဖြစ်ပွားနေတဲ့ မြန်မာ့ပြည်တွင်းစစ်ကို ဖြေရှင်းနိုင်ဖို့ အတွက် ထူးထူးခြားခြား နည်းလမ်းတခုကို အကြံပြုလိုက်ပြီး၊ အဲဒါကတော့ အရှေ့တောင် အာရှက အငြိမ်းစား ကြယ်လေးပွင့်အဆင့် စစ်ဗိုလ်ချုပ်ကြီး တဦးကို တာဝန်ပေးအပ်ဖို့ ဖြစ်ပါတယ်။

အဲဒီစစ်ဗိုလ်ချုပ် ကနေ မြန်မာနိုင်ငံက ပဋိပက္ခ ဖြစ်နေတဲ့ အဖွဲ့အစည်းအားလုံးကို တဲတလုံး အောက်မှာ အတူတူ စုစည်းစေပြီး တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် အားလုံးနဲ့ ဒီမိုကရေစီ အတိုက်အခံ အင်အားစုတွေ အားလုံးကို ဘာကြိုတင်ကန့်သတ်ချက်၊ ဘာအစီအစဉ်မှ မထားရှိစေဘဲ ဆွေးနွေးညှိနှိုင်းကြဖို့ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှာ မိန့်ခွန်း ပြောကြား ပြီးနောက် ပရိသတ် တဦးရဲ့ မေးခွန်းကို မစ္စတာ ရာမို့စ် ဟော်တာ က ပြန်လည်ဖြေကြား ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ မိန့်ခွန်းထဲမှာ မြန်မာ့ပြည်တွင်းစစ်ကို “အာဆီယံရဲ့ တခြား ထူးချွန်ပြောင်မြောက်တဲ့ အောင်မြင်မှုတွေကြားထဲက အမည်းစက်တခု” လို့ ခေါ်ဆိုခဲ့ပါတယ်။

ဒါ့အပြင် သူက “ဒါဟာ တနိုင်ငံလုံး၊ စီးပွားရေးနဲ့ ပြည်သူတွေကို ပျက်စီးစေတဲ့ အင်အားကုန်ခမ်း စေမယ့် စစ်ပွဲတခုဖြစ်ပြီး၊ သာမန်ပြည်သူတွေ၊ လယ်သမားတွေ၊ ကျောင်းသားတွေနဲ့ လူငယ် တွေဟာ တကယ့်ကို ဒုက္ခရောက် နေကြရသူတွေ ဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆွေးနွေးညှိနှိုင်းကြမယ်ဆိုရင် လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေကို ကန့်သတ်ချက် မရှိဘဲ ဝင်ရောက်ခွင့် ပြုစေဖို့ အပါအဝင် မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို သက်သာ လျော့ပါး စေလိမ့်မယ်လို့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မစ္စတာ ရာမို့စ် ဟော်တာ က အဆိုပြုခဲ့ ပါတယ်။

ဒီအဆိုပြုချက်ဟာ အာဆီယံရဲ့ အဖွဲ့ဝင်သစ်ဖြစ်တဲ့ အရှေ့တီမော နိုင်ငံကိုယ်တိုင် မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံကြား သံတမန်ရေး အရ အငြင်းပွားနေချိန်မှာ ထွက်ပေါ်လာတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တုန်းက အရှေ့တီမော သံတမန် အကြီးအကဲကို မြန်မာဘက်က နိုင်ငံကနေ ထွက်သွားဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီသံတမန်ရေးရာ တင်းမာမှုဟာ မြန်မာစစ်တပ်ကို ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က တီမော တရားရေး ဝန်ကြီးဌာနမှာ စစ်ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက် တင်သွင်းရာ ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။

ref: The Straits Times

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *