နိုင်ငံတကာ

မိတ်ဆွေလား၊ အသုံးချဖို့လား – ရှီကျင့်ဖျင် ဘာလို့ မြောက်ကိုရီးယားကို ရောက်နေတာလဲ

ဇွန် ၈ – ၂၀၂၆

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် အတွက်တော့ မြောက်ကိုရီးယားဆိုတာ တရုတ်အနေနဲ့ ထိန်းချုပ်လို့လည်းမရ၊ လက်လွှတ် ဆုံးရှုံးခံလို့လည်း မဖြစ်တဲ့ အိမ်နီးနားချင်း နိုင်ငံတခု ဖြစ်ပါတယ်။

နှစ်ဘက်စလုံးကတော့ သူတို့ရဲ့ ဆက်ဆံရေးကို ကိုရီးယားစစ်ပွဲကို ရည်ညွှန်းပြီး “သွေးချင်းနီးတဲ့ ဆက်ဆံရေး” လို့ တင်စားလေ့ ရှိပါတယ်။

ဒါပေမဲ့ မကြာသေးခင်နှစ်တွေ အတွင်းမှာတော့ အပြန်အလှန် မယုံကြည်မှု တွေကြောင့် ဆက်ဆံရေး တင်းမာခဲ့ရပါတယ်။ အခု အခါမှာတော့ ပထဝီ နိုင်ငံရေးအရ အရေးပါပြီး ခန့်မှန်းရခက်လွန်းတဲ့ မြောက်ကိုရီးယား အပေါ် တရုတ်က သူ့ရဲ့ သြဇာအာဏာကို ပြန်လည်သက်ရောက်နိုင်ဖို့ ကြိုးပမ်း လာတာပါ။

တရုတ်ဟာ သူတို့ရဲ့ နယ်စပ်ဒေသ တည်ငြိမ်ဖို့နဲ့ ပြုံယမ်းအပေါ် သြဇာ လွှမ်းမိုးထားနိုင် ဖို့ကို လိုလားပေမဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား ရည်မှန်းချက်တွေကြောင့် ဖြစ်လာမယ့် အကျပ်အတည်းတွေ ထဲမှာတော့ ပါဝင် ပတ်သက်ချင်ခြင်း မရှိပါဘူး။

ဒါကြောင့် ဒီအပတ် တနင်္လာနေ့မှာ ပြုံယမ်းကို ရောက်ရှိခဲ့တဲ့ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်ဟာ ချစ်ကြည်ရေးထက်စာရင် အပြန်အလှန် အကျိုးအမြတ် အတွက် အသုံးချဖို့ ပိုပြီး ရည်ရွယ်ပုံရပါတယ်။

တောင်ကိုရီးယား ကတော့ ရှီကျင့်ဖျင်ဟာ တရုတ်နိုင်ငံကို မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား စေ့စပ်ညှိနှိုင်းပေးသူ အဖြစ် ပုံဖော်ဖို့ ကြိုးစား လိမ့်မယ်လို့ ယုံကြည်နေပေမဲ့ ပေကျင်း မှာတော့ တခြား ရည်ရွယ်ချက်တွေ ရှိနေနိုင်ပါတယ်။

ပြုံယမ်းနဲ့ မော်စကိုကြား တိုးတက်လာတဲ့ မိတ်ဘက်ဆက်ဆံရေး အပေါ် တရုတ်ဘက်က ပိုပြီး စိုးရိမ်လာတယ်လို့ အနောက်နိုင်ငံ သံတမန်ရေးရာ အရင်းအမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံပြီး နောက်မှာ ရှီကျင့်ဖျင် အနေနဲ့ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ တရုတ်ရဲ့ အခန်းကဏ္ဍ ကို မြှင့်တင်နေချိန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ကိုလည်း ထိန်းချုပ်ထားနိုင်ဖို့ သေချာအောင် လုပ်ချင်နေတာ ဖြစ်နိုင်ပါတယ်။

#တင်းမာနေတဲ့ ဆက်ဆံရေး ပြန်လည်နွေးထွေးလာခြင်း

ပေကျင်းနဲ့ ပြုံယမ်းကြားက အေးစက်တဲ့ ဆက်ဆံရေးဟာ သိသာလှ ပါတယ်။

သူတို့ဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ တုန်းက ကျရောက်ခဲ့တဲ့ ၇၅ နှစ်မြောက် သံတမန် ဆက်ဆံရေး နှစ်ပတ်လည် ကိုတောင် ခပ်အေးအေးပဲ ဖြတ်သန်းခဲ့ကြတာပါ။ လူသိရှင်ကြား ထုတ်ပြန်ချက်တွေကလည်း တိတ်ဆိတ် ခဲ့ ပါတယ်။

ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားတွေကိုလည်း တရုတ်သံအမတ်ကြီး တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

တနှစ်ပတ်လုံးမှာ အဆင့်မြင့် အရာရှိကြီးတွေ အပြန်အလှန် လာရောက်မှု လည်း မရှိခဲ့တာဟာ မော်စကိုနဲ့ ပြုံယမ်းကြား တိုးတက်လာတဲ့ ဆက်ဆံရေး နဲ့ သိသိသာသာ ကွာခြားနေပါတယ်။

ရုရှားနဲ့ ပိုမိုနီးစပ်လာတဲ့ အဲဒီအခြေအနေက ပေကျင်းကို စိုးရိမ်ပူပန်စေခဲ့ တာပါ။

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်မှာ မြောက်ကိုရီးယားဟာ ပူတင်နဲ့ စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေကို တိုးမြှင့်ခဲ့ပြီး ၂၀၂၄ ခုနှစ် ပူတင် ပြုံယမ်းကို လာရောက်ခဲ့စဉ် အတွင်းမှာ အပြန်အလှန် ကာကွယ်ရေး သဘောတူညီချက် အထိ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ယူကရိန်း စစ်ပွဲအတွင်း မြောက်ကိုရီးယားစစ်သား ၂၃၀၀ ခန့် သေဆုံး ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြုံယမ်းဟာ ရုရှားရဲ့ စစ်ပွဲအတွက် ခဲယမ်းမီးကျောက်တွေကို ရေနံနဲ့ အကူအညီတွေနဲ့ လဲလှယ်ပြီး ထောက်ပံ့ ပေးနေတယ်လို့ စွပ်စွဲခံထားရတာကြောင့် ဝါရှင်တန်နဲ့ သူ့ရဲ့ မဟာမိတ်တွေ ကို စိုးရိမ်စေခဲ့သလို တရုတ်နိုင်ငံကိုလည်း တိတ်တဆိတ် ထိတ်လန့်စေခဲ့ ပါတယ်။

“မော်စကိုနဲ့ ပြုံယမ်းကြား မြန်မြန်ဆန်ဆန် ပူးပေါင်းလာနေတဲ့ အချိန်မျိုးမှာ တရုတ်အနေနဲ့ မြောက်ကိုရီးယားအပေါ် ထားရှိတဲ့ သူ့ရဲ့ အကျိုးစီးပွား တွေကို ကာကွယ်ထားဖို့ သေချာအောင် လုပ်ဆောင်ချင်နေတာ ဖြစ်ပါတယ်” လို့ Carnegie Endowment for International Peace က နျူကလီးယားမူဝါဒ ဆိုင်ရာ ကျွမ်းကျင်သူ Ankit Panda က ထည့်သွင်း ပြောဆိုပါတယ်။

တရုတ်မှာ တရားဝင် စစ်ရေးအရ ကာကွယ်ရေး သဘောတူညီချက်ဆိုလို့ မြောက်ကိုရီးယား တနိုင်ငံတည်းနဲ့ပဲ ရှိတာပါ။

ဒါကြောင့် ပြုံယမ်းအပေါ် ရုရှားရဲ့ သြဇာလွှမ်းမိုးမှု ပိုကြီးမားလာမယ့် အခြေအနေမျိုးကို ပေကျင်းက ကြိုဆိုမှာ မဟုတ်ပါဘူး။ ကင်မ် အနေနဲ့ တခြားသူ အပေါ် အမှီအခို လျော့လာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာခြင်း က ဘာကို ဆိုလိုသလဲ ဆိုတော့ တရုတ်ရဲ့ အသုံးချ သြဇာလွှမ်းမှုကို လျှော့ချ ပစ်လိုက်တာ ဖြစ်ပါတယ်။

ပေကျင်းဘက်ကတော့ ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ဖို့ ကြိုးပမ်းခြင်း အားဖြင့် တုံ့ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းတုန်းက ရှီကျင့်ဖျင်ဟာ ကင်ဂျုံအန်းကို ပေကျင်းက စစ်ရေးပြ အခမ်းအနားကို ဖိတ်ကြားခဲ့ပြီး ပူတင်နဲ့ အတူ သူ့ရဲ့ ဘေးနားမှာ ထင်ထင်ရှားရှား ထားရှိခဲ့ ပါတယ်။

ဒါဟာ သူတို့နှစ်ဦးကြား ၆ နှစ်အတွင်း ပထမဆုံးအကြိမ် တရားဝင် ထိပ်သီးအစည်း အဝေး ဖြစ်ခဲ့တာပါ။ ရှီကျင့်ဖျင်က သူတို့နှစ်ဦးကို “တူညီတဲ့ ကံကြမ္မာတခုတည်းနဲ့ ချည်နှောင်ထားတဲ့ အိမ်နီးနားချင်းကောင်း၊ မိတ်ဆွေကောင်းနဲ့ ရဲဘော်ကောင်းများ” အဖြစ် ချီးကျူးခဲ့ပြီး ပိုမိုနီးကပ်တဲ့ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဖို့ တောင်းဆိုခဲ့ ပါတယ်။

ထူးခြားချက်ကတော့ လူသိရှင်ကြား ထုတ်ပြန်ချက်တွေထဲမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်နဲ့ ပတ်သက်ပြီး ဘာတခုမှ ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိပါ။

ပြုံယမ်းနဲ့ မော်စကိုကြား တိုးတက်လာတဲ့ မိတ်ဘက် ဆက်ဆံရေးအပေါ် ပေကျင်းမှာ “ခံစားချက်မျိုးစုံ” ရှိနေတယ်လို့ ဟားဗတ်တက္ကသိုလ် အာရှစင်တာက ဧည့်သည် ပညာရှင် Lee Seong-hyon က ပြောပါ တယ်။

တဘက်ကကြည့်ရင် ဒီမိတ်ဖက် ဆက်ဆံရေးဟာ “ဝါရှင်တန်ကို အာရုံပြောင်းစေပြီး ဒေသအတော် များများမှာ အမေရိကန်ရဲ့ မဟာဗျူဟာ ကို ရှုပ်ထွေးစေတာကြောင့် တရုတ်အတွက် သွယ်ဝိုက်ပြီး အကျိုးရှိ စေတယ်” လို့ Lee က ဆိုပါတယ်။

ဒါပေမဲ့ ရုရှားနဲ့ မြောက်ကိုရီးယားကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့လာခြင်းဟာ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား သုံးနိုင်ငံ ပူးပေါင်းပြီး ပိုမိုပြင်းထန်တဲ့ စစ်ရေးတုံ့ပြန်မှုတွေကို ဖြစ်ပေါ်စေနိုင်တာ ကြောင့် ပေကျင်းကို စိုးရိမ်စေလိမ့်မယ်လို့ သူက ထပ်လောင်းပြော ပါတယ်။

ဒါကြောင့်လည်း တရုတ်ဟာ ပြုံယမ်းရဲ့ နျူကလီးယား အစီအစဉ်ကို ထောက်ခံခြင်း မရှိတာဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ အဲဒါက ဒီဒေသတွင်းမှာ အမေရိကန်နဲ့ မဟာမိတ် အဖွဲ့တွေ ရဲ့ ပါဝင်ပတ်သက် မှုတွေကို ပိုမို အားကောင်းလာစေမှာ ကြောင့်ပါ။

ဒါပေမဲ့ တရုတ်ဟာ ဒီပြဿနာကို ထိပ်တိုက်ရင်ဆိုင်ဖို့လည်း မကြိုးစားပါဘူး။

၂၀၂၂ ခုနှစ်တုန်းက တရုတ်နဲ့ ရုရှားဟာ မြောက်ကိုရီးယား ရဲ့ ဒုံးကျည်စမ်းသပ်မှုတွေ အပေါ် ပိတ်ဆို့အရေးယူမှု အသစ်တွေ ချမှတ်ဖို့ အမေရိကန် ဦးဆောင်တဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ဗီတို အာဏာသုံး ပယ်ချခဲ့ပါတယ်။

တကယ်လို့ တရုတ်က ပြုံယမ်းရဲ့ နျူကလီးယား အစီအစဉ်အပေါ် ပြင်းပြင်းထန်ထန် ရပ်တည်ပြလိုက်ရင် “ဒါဟာ မြောက်ကိုရီးယားကို ပူတင်ရဲ့ ရင်ခွင်ထဲ ပိုတွန်းပို့လိုက်သလိုပဲ ဖြစ်လိမ့်မယ်” လို့ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးစင်တာရဲ့ နိုင်ငံခြားရေးမူဝါဒဌာန ဥက္ကဋ္ဌ Victor Cha က ပြောပါတယ်။

#လက်တွေ့ကျတဲ့ မိတ်ဘက်

——————————-

ဒါပေမဲ့ ကင်ဂျုံအန်း အနေနဲ့လည်း သူ့ရဲ့ အကြီးမားဆုံးသော အကူအညီပေးရေး အရင်းအမြစ်ဖြစ်တဲ့ တရုတ်နိုင်ငံကို စိမ်းကားလို့ မရပါဘူး။

ပြီးခဲ့တဲ့နှစ်တုန်းက မြောက်ကိုရီးယားဆီ တရုတ်ရဲ့ ပို့ကုန်ဟာ ဒေါ်လာ ၂.၃ ဘီလီယံ လောက်အထိ မြင့်တက်ခဲ့ပြီး ဒါဟာ ၆ နှစ်တာ ကာလအတွင်း အမြင့်ဆုံး အဆင့် ဖြစ်ပါတယ်။ ပေကျင်းနဲ့ ပြုံယမ်းကြား ခရီးသည်တင် ရထားပြေးဆွဲမှုတွေကိုလည်း ၆ နှစ်ကြာ ရပ်နားထားခဲ့ပြီးနောက် အခုနှစ် အစောပိုင်းမှာ ပြန်လည်စတင်ခဲ့ပါတယ်။

ဒါဟာလည်း ပြုံယမ်းကို တရုတ်ရဲ့ သြဇာရိပ်အောက် ပြန်လည်ဆွဲသွင်းဖို့ ပေကျင်းဘက်က တွက်ချက်လုပ်ဆောင်တဲ့ ကြိုးပမ်းမှုတခုဖြစ်တယ်လို့ အကဲဖြတ်တွေက ဆိုပါတယ်။

ကင်ဂျုံအန်း အတွက်တော့ ဒါဟာ လက်တွေ့ကျတဲ့ ရွေးချယ်မှုပါပဲ။

တကယ်လို့ ယူကရိန်းစစ်ပွဲ ပြီးဆုံးသွားရင် မြောက်ကိုရီးယားရဲ့ ကူညီပံ့ပိုးမှု အပေါ် ရုရှားရဲ့ လိုအပ်ချက်က လျော့နည်းသွားနိုင်ပါတယ်။ ပြီးတော့ အထီးကျန် ဖြစ်နေတဲ့ ပူတင်နဲ့ မတူဘဲ ရှီကျင့်ဖျင်ဟာ ကမ္ဘာ့ခေါင်းဆောင် တွေကို ပေကျင်းမှာ ကြိုဆိုနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ကင် ကလည်း အားနည်းမယ့် မိတ်ဘက် တခုတည်းအပေါ်မှာပဲ မှီခိုကျန်ရစ် မနေစေဖို့ သေချာအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ဒါပေမဲ့ ဒီဆက်ဆံရေးဟာ အစကတည်းက ပြဿနာတွေ ရှိခဲ့တာပါ။

ကင်ဂျုံအန်းဟာ သူ့ဖခင်နဲ့ မတူတဲ့ ဦးစားပေးမှုတွေနဲ့ အာဏာကို ဆက်ခံ ခဲ့တာ ဖြစ်ပါတယ်။ ကင်ဂျုံအီးလ် ဟာ တရုတ်နိုင်ငံဆီ ခဏခဏ သွားရောက်ခဲ့ပြီး ပေကျင်း အပေါ် မှီခိုခဲ့ပေမဲ့ သူ့ရဲ့သားဖြစ်သူကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်ကို အရှိန်မြှင့်ဖို့ ချက်ချင်းပဲ လုပ်ဆောင်ခဲ့ပါတယ်။

သူအာဏာရလာတဲ့ ပထမဆုံး ၆ နှစ်အတွင်းမှာပဲ ကင်ဟာ ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှု ၉၀ ခန့်နဲ့ နျူကလီးယား ဖောက်ခွဲမှု ၄ ကြိမ်ကို ကြီးကြပ်ခဲ့တာကြောင့် ဒါဟာ သူ့ဖခင်နဲ့ အဖိုးဖြစ်သူတို့ သက်တမ်း တလျှောက် လုပ်ခဲ့တာထက် ပိုများပါတယ်။

ဒါက ပေကျင်းကို ထိတ်လန့်စေခဲ့ပါတယ်။

တည်ငြိမ်မှုရှိစေမယ့်သူအဖြစ် တရုတ်ဘက်က ရှုမြင်ထားတဲ့ ကင်ရဲ့ ဦးလေးဖြစ်သူ ဂျန်ဆောင်သောင်း ကို ကွပ်မျက်လိုက်ခြင်းက ဆက်ဆံရေး အက်ကြောင်း ကို ပိုမိုနက်ရှိုင်းသွားစေခဲ့ပါတယ်။

ရှီကျင့်ဖျင်ကတော့ ကင်ဂျုံအန်းနဲ့ မတွေ့ခင် ၂၀၁၄ ခုနှစ်တုန်းက တောင်ကိုရီးယားဆီ သွားရောက်လည်ပတ်ခြင်းအားဖြင့် သူ့ရဲ့ မကျေနပ်မှု ကို ထူးထူးခြားခြား ပြသခဲ့ပြီး ဒီလုပ်ရပ်ကို လူအများက ပြုံယမ်းကို မျက်နှာလွှဲ လိုက်တာ အဖြစ် ရှုမြင်ခဲ့ကြပါတယ်။

မြောက်ကိုရီးယားဘက် ကလည်း တရုတ်ကို “သစ္စာဖောက်၊ ကျွန်ုပ်တို့ရဲ့ ရန်သူ” လို့ ပြန်လည်ခေါ်ဝေါ် တုံ့ပြန်ခဲ့ပါတယ်။

သူ့ရဲ့ နျူကလီးယား အစီအစဉ်ကြောင့် ပိတ်ဆို့အရေးယူမှုတွေ ပြင်းထန် လာခဲ့တဲ့ ၂၀၁၈ ခုနှစ်ကျမှသာ ကင်ဟာ သူ့ရဲ့ ပထမဆုံးသော ပြည်ပ ခရီးစဉ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ သူ့ရဲ့ သံချပ်ကာ ရထားကို စီးပြီး ပေကျင်းဆီ ဦးတည်ခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုဟာ သတိကြီးစွာနဲ့ ဆက်ဆံရေးကို ပြန်လည်ညှိနှိုင်းမှုရဲ့ အစပြုခြင်း ဖြစ်ခဲ့ပါတယ်။

ကင်ဟာ အမေရိကန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေနဲ့ ဆက်လက် တွေ့ဆုံခဲ့ပေမဲ့ အမြဲတမ်း တရုတ်နိုင်ငံနဲ့ တိုင်ပင်ပြီးမှသာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆေ့ခ်ျ ကတော့ ရှင်းပါတယ် – ပြုံယမ်းဟာ ပေကျင်းရဲ့ ကျောထောက်နောက်ခံ မပါဘဲ ဆွေးနွေးညှိနှိုင်းမှာ မဟုတ်ပါဘူး။

ဒီနေ့ခေတ်မှာတော့ မြောက်ကိုရီးယားဟာ တရုတ်အတွက် ကြားခံနယ်မြေ ကော ဝန်ထုပ်ဝန်ပိုး ပါ ဖြစ်နေပါတယ်။

သူဟာ အမေရိကန်တပ်ဖွဲ့တွေကို အလှမ်းဝေးရာမှာ ရှိနေစေပေမဲ့… သူ့ရဲ့ လက်နက် စမ်းသပ်မှုတွေကတော့ ဒေသတွင်းကို မတည်ငြိမ်အောင် လုပ်နေပါတယ်။

တချိန်တည်းမှာပဲ ကင်ကလည်း တရုတ်ရဲ့ ထိန်းချုပ်မှုကို မလိုချင်ဘဲ တရုတ်ရဲ့ အကာအကွယ်ပေးမှု ကိုသာ လိုလားနေတာပါ။

ဘယ်ဘက်ကမှ အပြန်အလှန် အပြည့်အဝ မယုံကြည်ကြပါဘူး။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ သူတို့နှစ်ဦးစလုံးက တဦးကို တဦး လိုအပ် နေသေးတယ်လို့ ယုံကြည်နေကြပြီး အဲဒါကပဲ သူတို့ကို ဆက်လက် ဆွေးနွေးနေစေဖို့ လုံလောက်တဲ့ အကြောင်းပြချက် ဖြစ်နေပါတယ်။

ref: bbc

photo: getty

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *