ဇွန် ၉ – ၂၀၂၆
၂၀၀၃ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့ဟာ ခရစ္စတီယာနို ရော်နယ်ဒို အတွက် ပေါ်တူဂီ လက်ရွေးစင် အသင်းနဲ့ သမိုင်းကြောင်း စတင် ခဲ့တဲ့ နေ့ပါ။
ဘာလို့လဲ ဆိုတော့ အဲဒီတုန်းက ရော်နယ်ဒိုပါတဲ့ ပေါ်တူဂီ ဟာ ကာဇက်စတန် အသင်းနဲ့ ခြေစမ်းပွဲ ယှဥ်ပြိုင်ခဲ့ပြီး ၁-၀ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ပေါ်တူဂီ မြောက်ပိုင်း ချားဗတ်စ်မြို့မှာ ပရိသတ် ၈၀၀၀ လောက်သာ ဆန့်ပြီး ကွင်းမြက်ခင်း ကလည်း အလွန်စုတ်ပြတ် နေလို့ မြက်ခင်းတု ပုံစံ ပေါ်လွင်အောင် ဆေးသုတ် ခဲ့ရတဲ့ ဒီပွဲဟာ မထင်မရှား ပွဲ ဖြစ်ခဲ့ပေမယ့် ရော်နယ်ဒိုပါတဲ့ ဒီပွဲစဉ်ဟာ တကယ်တမ်းတော့ ဘယ်တော့မှ မှေးမှိန် မသွားခဲ့ ပါဘူး။
အဲဒီအချိန်တုန်းက မာဒေးရီးယားက လာတဲ့ ဒီကောင်လေးဟာ နောက်ထပ် ၃ နှစ် အကြာမှာ ကမ္ဘာ့ဖလားပွဲဦးထွက် ကစားနိုင်လိမ့်မယ်လို့ တွေးကြည့် ဖို့ ခက်သလို အခု ၂၀၂၆ ခုနှစ်မှာ အာဂျင်တီးနားက လီယွန်နယ် မက်ဆီ၊ မက္ကဆီ ကိုက ဂွီလာမို အိုချိုအာ တို့လို ၆ ကြိမ်မြောက် ကမ္ဘာ့ဖလား အထိ စံချိန်တင် ပါဝင် ကစားနိုင်လိမ့်မယ်လို့ ခန့်မှန်းဖို့ဆိုတာ လုံးဝ လက်တွေ့ မကျတဲ့ ကိစ္စဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံတကာ သွင်းဂိုး ၁၄၃ ဂိုးနဲ့ သမိုင်းတလျှောက် အများဆုံး သွင်းယူ ထားတဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီ ဘောလုံး လောကကို အသစ် တဖန် ပြန်လည် ဆန်းသစ်ပေးခဲ့ပြီး အရင်က ကစားသမား တွေနဲ့ မတူဘဲ စိတ်ဓာတ်ပိုင်းကို ပြောင်းလဲပေးခဲ့ကာ အဓိက ကတော့ နိုင်ငံ တဝန်းလုံးက ဖြစ်နိုင်တယ်လို့ ယုံကြည်ထားတဲ့ အရာကို အဓိပ္ပာယ်အသစ် ဖွင့်ဆို ပေးခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော်တို့က ဘောလုံးလောက ကလွဲရင် ကမ္ဘာပေါ်မှာ သြဇာလွှမ်းမိုးမှု သိပ်မရှိတဲ့ နိုင်ငံငယ်လေး တခုပါ” လို့ စပို့တင်း အသင်းမှာကော လက်ရွေးစင် အသင်းမှာပါ ရော်နယ်ဒိုနဲ့ အတူတူ အလုပ်လုပ်ခဲ့ဖူးတဲ့ ဂျိုအာအို အာရိုဆို က ပြောပါတယ်။
“ခရစ္စတီယာနို က သူရပ်တည် ပေးခဲ့တဲ့ ကောင်းမွန်တဲ့ အရာတွေကြောင့် ကျွန်တော်တို့ရဲ့ နိုင်ငံငယ်လေးကို ကမ္ဘာတဝန်းမှာ ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံတခု အနေနဲ့ သိရှိစေခဲ့တာ ဖြစ်ပါတယ်”
သူ့ရဲ့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ၅ ကြိမ် စလုံးမှာတော့ အသက် ၄၁ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဒီ စူပါစတားဟာ ဘယ်သူမှ မထိရဲတဲ့ အဆင့်အတန်း မျိုးနဲ့ ရောက်ရှိလာခဲ့တာပါ။
ကာတာ ၂၀၂၂ ကမ္ဘာ့ဖလား နောက်ပိုင်း သူ့ရဲ့ အခန်းကဏ္ဍ အပေါ် မိခင်နိုင်ငံမှာ ဝေဖန် စစ်ဆေးမှုတွေ ပိုမိုပြင်းထန် လာခဲ့ပေမဲ့လည်း ဒီနွေရာသီမှာတော့ အခြေအနေက ထူးခြားပြီး ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
အချိန်အတော်ကြာအောင် ပေါ်တူဂီအသင်းမှာ ရော်နယ်ဒို နေရာကို ပေါ်ပေါ်ထင်ထင် မေးခွန်းထုတ်တာဟာ သစ္စာဖောက်မှု တခုလို ခံစားခဲ့ရဖူးပေမဲ့ အခုတော့ အဲဒီလို မဟုတ်တော့ပါဘူး။
“သူက နိုင်ဖို့အတွက် ကစားတာမဟုတ်ဘူး၊ သူက အဓိက ဇာတ်ဆောင် ဖြစ်ချင်လို့ ကစားတာ” လို့ ၁၉၆၆ ကမ္ဘာ့ဖလားမှာ ပေါ်တူဂီအသင်း တတိယ ရအောင် ကူညီပေးခဲ့တဲ့ ကစားသမား အန်တိုနီယို ဆီမိုးစ် က စောဒက တက်ခဲ့ပါတယ်။
ပေါ်တူဂီနည်းပြ ရောဘတ်တို မာတီနက်ဇ် ကတော့ ရော်နယ်ဒို အပေါ် အငြင်းပွား နေကြတာတွေကို “ဓာတ်လှေကားထဲက အတင်းအဖျင်း စကားတွေ” အဖြစ် ပယ်ချခဲ့ပါတယ်။
ဘလွန်ဒီအော Ballon d’Or ၅ ကြိမ် ဆုရှင်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ် ခံရတိုင်း မာတီနက်ဇ်ဟာ သူ့ရဲ့ မကြာသေးခင်က အင်တာဗျူးတွေမှာ တူညီတဲ့ စာရင်းဇယား တခုကိုပဲ ထောက်ပြခဲ့ပါတယ် – ဒါကတော့ လက်ရွေးစင် အသင်းအတွက် ၃၁ ပွဲမှာ ၂၅ ဂိုး သွင်းယူပေးထားတဲ့ အချက်ပါပဲ။
“ကျွန်တော်တို့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား အကြောင်း ပြောနေတာပါ။ သူ အတိတ်က အောင်မြင်ခဲ့တာတွေကြောင့် ဒီနေရာမှာ ရှိနေတာ မဟုတ်ဘဲ အခုထက်ထိ အလွန်မြင့်မားတဲ့ အဆင့်တခုမှာ စွမ်းဆောင် နိုင်နေဆဲမို့ ဒီမှာ ရှိနေတာပါ” လို့ မာတီနက်ဇ်က ရှင်းပြ ပါတယ်။
ကမ္ဘာ့ဖလား ၅ ကြိမ်စလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ဝေဖန်သူ တွေကို ကွင်းထဲမှာ သက်သေပြဖို့ နောက်ထပ် အခွင့်အရေး တခု ရရှိဦးမှာ ဖြစ်ပါတယ်။
ဒိုလေးဟာ ကမ္ဘာ့ဖလား သွင်းဂိုး ၈ ဂိုး ရရှိထားပြီး ယူဆေးဘီယိုရဲ့ ပေါ်တူဂီ စံချိန်ထက် ၁ ဂိုးပဲ လိုပါတော့တယ်၊ ဒါပေမဲ့ သူ့ရဲ့ အဓိက ရည်မှန်းချက် ကတော့ ရှင်းပါတယ် – ပေါ်တူဂီအသင်းကို သမိုင်းတလျှောက် ပထမဆုံး အကြိမ် ကမ္ဘာ့ဖလား ကိုင်မြှောက်နိုင်အောင် ကူညီပေးဖို့ ပါပဲ။
–
#ရော်နယ်ဒိုမပါရင် ပေါ်တူဂီအသင်း ပိုကောင်းမလား
—————————————–
ဒါဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်လိမ့်မယ်လို့ ရော်နယ်ဒိုက အတည်ပြုထားပြီး ဖြစ်ပါတယ်။
သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာက အကောင်းဆုံး အချိန်မှာ မရှိတော့ရင်တောင် ဇွန်လ ၁၇ ရက်နေ့မှာ DR ကွန်ဂိုအသင်းနဲ့ စတင်မယ့် ပွဲစဉ်မှာ ပေါ်တူဂီ အသင်းဟာ သူ့ကိုပဲ ဗဟိုပြုပြီး ကစားသွားမှာကတော့ သံသယဖြစ်စရာ မလိုပါဘူး။
“ခရစ္စတီယာနိုဟာ ဘောလုံးလောက က တခြားသူတွေထက် အရေးကြီး တဲ့ အခိုက်အတန့် တွေကို ပိုပြီး နားလည် သဘောပေါက်ပါတယ်” လို့ ပေါ်တူဂီ လက်ရွေးစင်ဟောင်း အာဘယ်လ် ဇာဗီယာ က ပြောပါတယ်။
“အဲဒီအတွေ့အကြုံက ကမ္ဘာ့ဖလားမှာ အဆုံးအဖြတ် ဖြစ်သွားနိုင်ပါတယ်။”
“သူ့ရဲ့ ရှိနေမှုက အလွန်အရေးကြီးပါတယ်။ လူတွေက ရုပ်ပိုင်းဆိုင်ရာကိုပဲ အဓိကထား ကြည့်ကြပေမဲ့ နည်းစနစ်ပိုင်းနဲ့ အထူးသဖြင့် စိတ်ဓာတ်ပိုင်း ဆိုင်ရာတွေလည်း ရှိပါသေးတယ်။ လူငယ်ကစားသမားတွေက သူ့ကို အားကျ အတုယူကြပြီး သူကလည်း အသင်းအတွက် အမြဲတမ်း တခုခု ပေးစွမ်းနိုင်ပါတယ်”
၂၀၀၃ ခုနှစ် ရော်နယ်ဒိုရဲ့ နိုင်ငံတကာ ပွဲဦးထွက်မှာ ကွင်းထဲမှာ အတူရှိခဲ့ပြီး လက်ရှိ လက်ရွေးစင် အသင်းရဲ့ နည်းပြအဖွဲ့ဝင် တဦးဖြစ်သူ ပေါ်တူဂီ ဂိုးသမားဟောင်း ရီကာဒို ကလည်း ဇာဗီယာ ရဲ့ အမြင်အတိုင်းပါပဲ။
“အရှိန်ကတော့ အရင်လို လုံးဝတူတော့မှာ မဟုတ်ပါဘူး” လို့ ရီကာဒိုက ပြောပါတယ်။ “တနာရီ ကီလိုမီတာ ၂၀၀ နဲ့ ပြေးမယ့်အစား အခုတော့ တစ်နာရီ ၁၉၅ ကီလိုမီတာနဲ့ ပြေးနေတာပါ။ ဒါဟာ အလွန်မြင့်မားတဲ့ အရှိန် ဖြစ်နေဆဲပါပဲ။”
“ရုပ်ပိုင်း၊ နည်းစနစ်ပိုင်းနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရည်အသွေးတွေ ရှိနေ သရွေ့တော့ သူဟာ အဖျက်စွမ်းအားပြင်းတဲ့ အင်အားစု တခု ဖြစ်နေဆဲ ပါပဲ။ သူရှိနေရင် အန္တရာယ်က ဘယ်တော့မှ မဝေးပါဘူး”
ဘယ်လ်ဂျီယံ အသင်းကနေ ထွက်ခွာပြီးနောက် ၂၀၂၃ ခုနှစ်မှာ ရာထူး လွှဲပြောင်း ရယူခဲ့တဲ့ မာတီနက်ဇ်ရဲ့ လက်အောက်မှာ ရော်နယ်ဒိုဟာ စပိန်လူမျိုးနည်းပြ ကိုင်တွယ်ခဲ့တဲ့ ၃၉ ပွဲအနက် ၃၁ ပွဲအထိ ပါဝင် ကစားခဲ့ပြီး သူ မပါဝင်နိုင်ခဲ့တဲ့ ပွဲအများစု ကတော့ ဒဏ်ရာ ဒါမှမဟုတ် ပွဲပယ် ပြစ်ဒဏ်တွေ ကြောင့် ဖြစ်ပါတယ်။
ဒီသက်တမ်းအတွင်း ပေါ်တူဂီအသင်းရဲ့ အကြီးမားဆုံးသော နိုင်ပွဲကတော့ ရော်နယ်ဒို မပါဝင်ခဲ့တဲ့ ပွဲစဉ်ဖြစ်ပြီး၊ ၂၀၂၃ ခုနှစ် စက်တင်ဘာလတုန်းက ဖာရိုမြို့မှာ လူဇင်ဘတ် အသင်းကို ၉-၀ နဲ့ အပြတ်အသတ် နိုင်ခဲ့တဲ့ ပွဲဖြစ်ပါတယ်။
သူတို့ရဲ့ ဒုတိယ အကြီးမားဆုံး အောင်ပွဲဖြစ်တဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလက ပေါ်တိုမြို့မှာ အာမေးနီးယား ကို ၉-၁ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်ကလည်း ရော်နယ်ဒို မပါဘဲ ကစားခဲ့တာပါ။
အဲဒီနှစ်ပွဲစလုံး အပြီးမှာတော့ အသင်းအနေနဲ့ သူတို့ရဲ့ ကာပတိန် မပါဘဲ ပိုကောင်းကောင်း ကစားနိုင် သလားဆိုတဲ့ ဆွေးနွေး ငြင်းခုံမှုတွေဟာ မလွဲဧကန် ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။
“ကမ္ဘာ့ဖလားကို ရယူချင်တဲ့ အသင်းတသင်းအတွက် ပွဲထွက် လူစာရင်းမှာ ပါဝင်ဖို့ သူ့မှာ ဘောလုံး အရည်အသွေး မရှိတော့ပါဘူး” လို့ စီအန်အေ ပေါ်တူဂီ၊ DAZN ပေါ်တူဂီ နဲ့ TSF ရေဒီယို တို့ရဲ့ အားကစားသုံးသပ်သူ ဆိုဖီယာ အိုလီဗီယာ က ပြောပါတယ်။
“ဒါပေမဲ့ ဒီပြိုင်ပွဲကို လာပြီး ရော်နယ်ဒိုကို ပွဲထွက် လူစာရင်းမှာ မထည့်သင့် ဘူးလို့ ပြောဖို့က လွယ်ပါတယ်၊ ကျွန်မလည်း အဲဒါကို သဘောတူပါတယ်။ ပြဿနာ ကတော့ လက်ရွေးစင် အသင်းဟာ အဲဒီအတွက် ကြိုတင်ပြင်ဆင် မထားခဲ့တာ ပါပဲ”
–
#ရော်နယ်ဒိုအလွန် အနာဂတ်ကို ဒရမ်မာ ခင်းမနေဘူး’’
————————–
အိုင်ကွန် တခု ဖြစ်လာတဲ့ ဘောလုံးသမား တယောက်ကို ကိုင်တွယ်ရတာ ကတော့ ဘယ်တော့မှ မလွယ်ကူပါဘူး။
ဖာနန်ဒို ဆန်းတို့စ် ကတော့ ဒီအကြောင်းကို တခြားသူတွေထက် ပိုသိ ပါတယ်။
ကာတာ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက ရော်နယ်ဒိုကို လူစားလဲခုံမှာ ထိုင်ခိုင်းခဲ့ ပြီးနောက် အဲဒီတုန်းက ပေါ်တူဂီမန်နေဂျာဟာ တိုက်စစ်မှူးရဲ့ မိသားစုဝင် တွေ ဆီကနေ လူမှုကွန်ရက်ပေါ်မှာ ပြင်းပြင်းထန်ထန် တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သိပ်မကြာခင်မှာပဲ ရာထူးကနေ နုတ်ထွက်ခဲ့ရပါတယ်။
ဒီနွေရာသီမှာ အလားတူ ဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့မယ် ဆိုရင် အဲဒီလို ကံကြမ္မာမျိုး ကြုံရမှာကို စိုးရိမ် သလားလို့အခုနှစ် အစောပိုင်းမှာ မေးမြန်းခဲ့တဲ့ အခါ မာတီနက်ဇ်ကတော့ အေးအေးဆေးဆေးပဲ တုံ့ပြန်ခဲ့ ပါတယ်။
ဒီနိုင်ငံမှာ ရော်နယ်ဒိုရဲ့ သြဇာအာဏာက ကြီးမားလွန်းတာကြောင့် FPF (ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်) ဥက္ကဋ္ဌ ပတ်ဒရို ပရိုအန်ဆာ ဟာ SIC နဲ့ အင်တာဗျူးမှာ တကယ်လို့ မာတီနက်ဇ်သာ ထွက်သွားခဲ့ရင် ပေါ်တူဂီရဲ့ နောက်ထပ် နည်းပြသစ်ကို ရွေးချယ်တဲ့ နေရာမှာ ရော်နယ်ဒို အနေနဲ့ ဝင်ရောက် စွက်ဖက်ခွင့် ရှိမလားဆိုတာ အထိ ဖြေရှင်းခဲ့ရပြီး ပရိုအန်ဆာ ကတော့ အဲဒါကို ငြင်းဆိုခဲ့ပါတယ်။
ရော်နယ်ဒိုဟာ လက်ရှိလူစာရင်းရဲ့ အစိတ်အပိုင်း တခုအဖြစ် ရှိနေဆဲဖြစ်ပြီး FPF က ဖေဖော်ဝါရီလတုန်းက ရော်နယ်ဒို ပိုင်ဆိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ရေးကုမ္ပဏီ AVA CR7 နဲ့ မိတ်ဖက် အဖြစ် ပူးပေါင်း ဆောင်ရွက်မယ်လို့ ကြေညာခဲ့ခြင်းကတော့ စိုးရိမ် ပူပန်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒါပေမဲ့ အဖွဲ့ချုပ်ဘက် ကတော့ ဒါဟာ အကျိုးစီးပွား ပဋိပက္ခ ဖြစ်စရာ ဘာမှ မရှိဘူးလို့ အခိုင်အမာ ဆိုပါတယ်။
“FPF ရဲ့ အမြင်အရတော့ ဒီမိတ်ဖက် ပူးပေါင်းမှုဟာ သက်ဆိုင်ရာ လိုက်နာ ရမယ့် စည်းမျဉ်းစည်း ကမ်းအားလုံးနဲ့ ကိုက်ညီပြီး ခရစ္စတီယာနို ရော်နယ်ဒို အသင်း ကပ္ပတိန် နဲ့ လက်ရွေးစင် ကစားသမား ဖြစ်နေတဲ့ အပေါ် အကျိုး စီးပွား ပဋိပက္ခ ဖြစ်စရာ ဘာမှမရှိပါဘူး” လို့ FPF က ထုတ်ပြန်ချက် တခုမှာ ပြောကြားခဲ့ပါတယ်။
“ရှင်းရှင်းလင်းလင်း ပြောရရင် ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဒီဆွေးနွေးညှိနှိုင်း မှုတွေမှာ ဘယ်တုန်းကမှ ပါဝင် ပတ်သက်ခဲ့ခြင်း မရှိသလို ဒီဆွေးနွေးမှုတွေရဲ့ အကြောင်းအရာလည်း မဟုတ်ခဲ့ပါဘူး၊ လုပ်ငန်းစဉ် တခုလုံးကို AVA ရဲ့ စီမံခန့်ခွဲမှုအဖွဲ့နဲ့သာ သီးသန့်လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်”
ပြီးခဲ့တဲ့ လအနည်းငယ် အတွင်းမှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူးဟောင်း ကစားသမားဘဝ အဆုံးသတ်ခါနီး ဖြစ်လာတာနဲ့ အမျှ FPF အနေနဲ့ သူ မရှိတော့မယ့် အနာဂတ် အတွက် အဆင်သင့် ဖြစ်ပြီလား ဆိုတဲ့ ဆွေးနွေးမှုတွေ ပိုမိုမြင့်တက်လာခဲ့ပါတယ်။
မေလတုန်းကတော့ အဖွဲ့ချုပ်ဟာ ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ် အတွက် စံချိန်တင် ဝင်ငွေ ယူရို ၁၆၁ သန်းအထိ ရရှိဖို့ လျာထားတဲ့ ဘတ်ဂျက်ကို အတည်ပြုခဲ့ပြီး ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်ကိုလည်း ၁၃ နှစ် ဆက်တိုက် အမြတ်ငွေနဲ့ ပိတ်သိမ်းနိုင်ခဲ့ပါတယ်။
“FPF ဟာ ဒီအချိန်မှာလည်း ချဲ့ကားမတွေးဘဲ ပြင်ဆင် နေပါတယ်။ ခရစ္စတီယာနိုဟာ အဖွဲ့ချုပ်နဲ့တင်မကဘဲ ပေါ်တူဂီနိုင်ငံနဲ့ပါ အမြဲတမ်း ခွဲခြားလို့ မရအောင် ဆက်စပ်နေမှာပါ” လို့ ပရိုအန်ဆာ က မကြာသေးခင်က အခမ်းအနား တခုမှာ ပြောကြားခဲ့ပါတယ်။
“FPF ဟာ သူ့ရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် အမြဲတမ်း ပြင်ဆင်ထား ပါတယ်။ ခရစ္စတီယာနိုရဲ့ အရေးပါမှုကို ကျွန်တော်တို့ ကောင်းကောင်း သိပါတယ်။ အမှတ်တံဆိပ် နှစ်ခုက ထပ်တူကျနေပါတယ် – ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ အမှတ်တံဆိပ်နဲ့ FPF ရဲ့ အမှတ်တံဆိပ်ပါ၊ အဲဒါကို ကျွန်တော် ရိုးရိုးသားသား ဝန်ခံရပါမယ်။”
“ကျွန်တော် အာမခံနိုင်တာ ကတော့ ခရစ္စတီယာနို အသင်းကနေ ထွက်ခွာ သွားမယ့် ဖြစ်စဉ်ဟာ သဘာဝ အတိုင်း ပုံမှန်ပဲ ဖြစ်ပျက်သွားမှာဖြစ်ပြီး အဖွဲ့ချုပ်ရဲ့ လုပ်ငန်းလည်ပတ်မှု ဝင်ငွေတွေ ကတော့ အနာဂတ်အတွက် စိတ်ချရပြီးသားဖြစ်ပါတယ်”
ချားဗတ်စ်မြို့က အဲဒီ ညကတည်းက ဆိုရင် ဆယ်စုနှစ် နှစ်ခုကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမဲ့ ဒီတိုက်စစ်မှူးဟာ ပေါ်တူဂီ ဘောလုံးလောကရဲ့ ဗဟိုချက်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ အခုတော့ နောက်ဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲတခုက သူ့ကို စောင့်ကြိုနေကြောင်းပါ။
ref: bbc sports
—————————
THN Public Media
