နိုင်ငံတကာ

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ အပစ်ရပ်ဖို့ သဘောတူပြီးနောက် တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေ

ဇွန် ၂၀ – ၂၀၂၆

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာကြား အပစ်အခတ် ရပ်စဲရေး ကြေညာခဲ့ပြီး ၂၄ နာရီ တောင် မပြည့်သေးခင် မှာပဲ လက်ဘနွန် တောင်ပိုင်းကို အစ္စရေးက လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက် ခဲ့လို့ လူပေါင်း နှစ်ဒါဇင် နီးပါး သေဆုံး သွားခဲ့ရတယ်လို့ သိရပါတယ်။

အစ္စရေး စစ်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ အမြောက်တွေက နေရာအတော် များများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီးနောက် Nabatieh ခရိုင်မှာ လူ ၁၆ ဦးနဲ့ အိမ်နီးနားချင်း Saida မြို့မှာ ၇ ဦး သေဆုံး ခဲ့ပြီး တခြားလူတွေလည်း ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ အရာရှိတွေက ပြောပါတယ်။

အစ္စရေးစစ်တပ် ဘက်ကတော့ ဟစ်ဇ်ဘိုလာ အဖွဲ့က အဲဒီဒေသမှာ ရှိတဲ့ အစ္စရေးစစ်တပ် တွေဆီကို လက်နက်ကြီး နဲ့ ပစ်ခတ်မှု ၅၀ ကျော်လုပ်ခဲ့လို့ “ဟစ်ဇ်ဘိုလာ အကြမ်းဖက်ပစ်မှတ်တွေ” ကို ပြန်လည် တိုက်ခိုက် ခဲ့တာလို့ ပြောပါတယ်။

အီရန် ခေါင်းဆောင်ကြီး သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှု အတွက် ကလဲ့စား ချေတဲ့ အနေနဲ့ ဟစ်ဇ်ဘိုလာ က အစ္စရေးထဲကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ရာ ကနေ အမေရိကန်-အီရန် စစ်ပွဲထဲကို ဆွဲသွင်း ခံလိုက်ရတဲ့ လက်ဘနွန်နိုင်ငံ အတွင်း အစ္စရေးရဲ့ ဆက်လက် လုပ်ဆောင်နေတဲ့ စစ်ဆင်ရေး တွေကို ဝါရှင်တန်က ဝေဖန် ပြစ်တင်ထားပါတယ်။

ဒါ့အပြင် အစ္စရေးနဲ့ လက်ဘနွန်ကြား ဆက်လက် တင်းမာနေတာဟာ လက်ဘနွန် အပါအဝင် စစ်မျက်နှာစာ အားလုံး မှာ တိုက်ပွဲတွေ ရပ်တန့်ဖို့ ကတိကဝတ် ပြုထားတဲ့ အမေရိကန်နဲ့ အီရန်တို့ရဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ထိခိုက်ပျက်ပြား သွားစေမှာကိုလည်း ဝါရှင်တန်က စိုးရိမ် နေတာပါ။

ဒီသဘောတူညီချက် ပိုမိုခိုင်မာလာစေရေး ကူညီဖို့အတွက် အမေရိကန် အထူးကိုယ်စားလှယ် Steve Witkoff ဟာ အီရန်နဲ့ ကနဦး ဆွေးနွေးပွဲတွေ လုပ်ဖို့ ဆွစ်ဇာလန် နိုင်ငံကို သွားရောက် နေပြီလို့ သိရပါတယ်။

ဒီသဘောတူညီချက်ဟာ လောလောဆယ်မှာ ဒေသတွင်း စစ်ပွဲကြီး ပိုမို ကျယ်ပြန့် မလာအောင် တားဆီး ပေးနိုင်ခဲ့ပေမဲ့ လက်ဘနွန် တောင်ပိုင်းမှာ အစ္စရေး စစ်တပ် တပ်စွဲထားမှုနဲ့ ဟစ်ဇ်ဘိုလာတို့ရဲ့ လက်နက်တွေ နဲ့ ပတ်သက်တဲ့ အနာဂတ်အရေး အပါအဝင် ပဋိပက္ခရဲ့ အဓိက အငြင်းပွားမှု တွေကိုတော့ မဖြေရှင်းဘဲ ချန်ထားခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာ အရာရှိတဦးက သူတို့ဟာ သောကြာနေ့ မွန်းလွဲပိုင်းက အမေရိကန် အရာရှိတွေ ကြေညာခဲ့တဲ့ အပစ်အခတ် ရပ်စဲရေးကို အသိအမှတ် မပြုသလို၊ လက်ဘနွန် နိုင်ငံအတွင်း အစ္စရေးက စိတ်ကြိုက် လှုပ်ရှားခွင့် ရဖို့ ရည်ရွယ်ချက်ကိုလည်း လက်မခံဘူးလို့ ဆိုပါတယ်။

ဟစ်ဇ်ဘိုလာ အဆင့်မြင့်အရာရှိ Hassan Fadlallah ကလည်း သူ့အဖွဲ့ အနေနဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှု တွေကို ပြန်လည် တုံ့ပြန်ပိုင်ခွင့် ရှိတယ်လို့ ပြောပါတယ်။

အရင်တုန်းကလည်း အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ကြား ပြုလုပ်ခဲ့တဲ့ အပစ်အခတ် ရပ်စဲရေးတွေ မှာလည်း တဘက်နဲ့ တဘက် သဘောတူညီချက် ကို ချိုးဖောက် တယ်လို့ အပြန်အလှန် စွပ်စွဲရင်း နယ်စပ် ဖြတ်ကျော် တိုက်ခိုက်မှုတွေ နေ့တိုင်း လိုလို ဖြစ်ပွားခဲ့ဖူးပါတယ်။

သောကြာနေ့က အပစ်ရပ်စဲရေး မကြေညာခင်တုန်းကလည်း အစ္စရေးက သူတို့ရဲ့ စစ်တပ်တွေကို လက်ဘနွန် ကနေ ရုပ်သိမ်းဖို့ ရည်ရွယ်ချက် မရှိကြောင်းနဲ့ ဟစ်ဇ်ဘိုလာနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ အီရန်နဲ့ဖြစ်တဲ့ စစ်ပွဲနဲ့ သီးခြားစီ ဖြစ်တယ်လို့ အခိုင်အမာ ပြောကြားခဲ့တာဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *