ဇွန် ၂၃ – ၂၀၂၆
ဥရောပတခွင် အပူလှိုင်းဒဏ်ကို အလူးအလဲ ခံနေရပြီး၊ ပြင်သစ်နိုင်ငံမှာ ဆိုရင်လည်း အပူရှိန်ကြောင့် ရေဆင်းကူးရင်း ရေနစ်သေဆုံးသူ အရေအတွက် ဟာ သိသိသာသာကို မြင့်တက်လာနေပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က စလို့ ပြင်သစ်နိုင်ငံမှာ အပူလှိုင်းနဲ့ ဆက်စပ်ပြီး ရေနစ် သေဆုံးသူ ၄၀ အထိ ရှိလာပြီလို့ ဝန်ကြီးချုပ် Sébastien Lecornu က ပြောကြားလိုက်ပါတယ်။
လက်ရှိမှာ အဓိက မြို့ကြီး အတော်များများမှာ စံချိန်တင် အပူချိန်တွေနဲ့ ရင်ဆိုင်နေရပြီး၊ ဥရောပ နိုင်ငံအတော်များများမှာလည်း အပူလှိုင်းဟာ အမြင့်ဆုံး အခြေအနေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
“အပူလှိုင်းဖြတ်နေတဲ့ အချိန်မျိုးမှာ လူစောင့်ကြည့်ပေးမယ့်သူ မရှိတဲ့ နေရာတွေမှာ သွားပြီး ရေကူးတာဟာ ပေါ့ပေါ့ဆဆ သဘောထားရမယ့် ကိစ္စမျိုး မဟုတ်ပါဘူး” လို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး Marina Ferrari က ပြင်သစ် ရေဒီယိုကနေ သတိပေးပြောကြားသွားပါတယ်။
အခုလောလောဆယ် အပူလှိုင်းဒဏ်ကို အဆိုးရွားဆုံး ခံစားနေရတဲ့ နိုင်ငံတွေ ကတော့ ပြင်သစ်၊ စပိန်နဲ့ အီတလီ နိုင်ငံတို့ ဖြစ်ကြပါတယ်။
ပြင်သစ်နိုင်ငံမှာတော့ ပြီးခဲ့တဲ့ တနင်္လာနေ့က သမိုင်းတလျှောက် အပူဆုံး ဇွန်လ နေ့တနေ့ ဖြစ်ခဲ့သလို၊ တနင်္လာနေ့ည ကလည်း သမိုင်းတလျှောက် အပူဆုံးည ဖြစ်ခဲ့တယ်လို့ ပြင်သစ်မိုးလေဝသဌာန က ဆိုပါတယ်။
အနိမ့်ဆုံး ပျမ်းမျှအပူချိန်ဟာ ၂၁.၆ ‘C ရှိခဲ့ပြီး နိုင်ငံရဲ့ ထက်ဝက်ကျော်မှာ အနီရောင် အဆင့် သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။
တချိန်တည်းမှာပဲ စပိန်နိုင်ငံမှာလည်း အပူလှိုင်း အမြင့်ဆုံး ဖြတ်သန်းမှု တတိယမြောက်နေ့ အဖြစ် တချို့ ဒေသတွေမှာ အပူချိန် ၄၀‘C အထက်ကို ရောက်ရှိနိုင်လို့ တောင်ပိုင်းဒေသ တချို့မှာ အနီရောင် အဆင့် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
#အီတလီနိုင်ငံမှာ ဆိုရင်လည်း ရောမ၊ မီလန်၊ ဖလောရင့်စ်၊ တူရင်နဲ့ ဗင်းနစ် အပါအဝင် မြို့ကြီး ၁၅ မြို့မှာ အပူလှိုင်း အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဒီသတိပေးချက်ဟာ သက်ကြီးရွယ်အိုတွေ ဒါမှမဟုတ် နာတာရှည် လူနာတွေတင် မကဘဲ ကျန်းမာသန်စွမ်းတဲ့ လူကြီးတွေ အတွက်ပါ ကျန်းမာရေး အန္တရာယ် ဖြစ်စေနိုင်တဲ့ အခြေအနေကို ဆိုလိုတာ ဖြစ်ပါတယ်။
လူအတော်များများဟာ အန္တရာယ်တွေကို သေချာမတွေးဆဘဲ အပူဒဏ် သက်သာဖို့ မြစ်တွေ၊ တူးမြောင်းတွေထဲ ဆင်းပြီး ရေချိုးဖို့ ကြိုးစားနေကြ တယ်လို့ ပြင်သစ်အားကစားဝန်ကြီးက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ရေမကူတတ်တဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေး ငယ်တဦးလည်း ပါဝင်ပြီး၊ သူမဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက Fontaine-La Port ရှိ စိမ်းမြစ် ထဲမှာ မိသားစုနဲ့အတူ ရေဆင်းကူးခဲ့တာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ Lyon မြို့အနီးက River Rhône ထဲကနေ ဆယ်ယူခဲ့ ရတဲ့ လူငယ် ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ဦးဟာလည်း ဆေးရုံမှာ စိုးရိမ်ရတဲ့ အခြေအနေနဲ့ အရေးပေါ် ကုသမှုခံယူနေရပါတယ်။
တနင်္လာနေ့က ပြင်သစ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ တခြားသေဆုံးမှု နှစ်ခု ကလည်း ပြင်းထန်တဲ့ အပူဒဏ်ကြောင့်ပဲ ဖြစ်ပါတယ်။
တောင်ပိုင်းမြို့ဖြစ်တဲ့ Carpentras)ရှိ ကားပါကင်တခုမှာ ရပ်ထားတဲ့ ကားထဲ ကနေ အသက် ၂ နှစ်နဲ့ ၄ နှစ် အရွယ် ကလေးငယ်နှစ်ဦးကို သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ရတာပါ။
ဂျာမနီနိုင်ငံမှာလည်း ရက်သတ္တပတ် အကုန်ပိုင်းလောက်မှာ အနောက်ပိုင်းနဲ့ အနောက်တောင်ပိုင်း ဒေသတွေမှာ အပူချိန် ၄၀’C အထိ မြင့်တက် လာနိုင်တယ် လို့ ခန့်မှန်းထားပြီး၊ လက်ရှိမှာလည်း လူအတော်များများ ရေနစ် သေဆုံးမှုတွေ ရှိနေပါတယ်။
#စပိန်နိုင်ငံ မိုးလေဝသဌာန ကတော့ အင်္ဂါနေ့မှာ တောင်ပိုင်းမြို့ဖြစ်တဲ့ Córdoba အနီး ကျေးလက် ဒေသတွေမှာ အပူချိန် ၄၄’C အထိ ရှိလာနိုင်ပြီး၊ မြောက်အရှေ့ပိုင်းက Ebro ချိုင့်ဝှမ်း ဒေသ မှာတော့ ၄၂’C ထက် ကျော်လွန်နိုင်တယ်လို့ ဆိုပါတယ်။
#အီတလီနိုင်ငံမှာတော့ အစိုးရက နေရောင်ခြည်ဒဏ်ကို အဆိုးရွားဆုံး ခံရနိုင်တဲ့ လယ်ယာလုပ်သား တွေနဲ့ ဆောက်လုပ်ရေးလုပ်သားတွေ အပူဆုံး အချိန်တွေမှာ အလုပ်မလုပ်ရအောင် ကာကွယ်ပေးမယ့် အရေးပေါ် အလုပ်သမား ကာကွယ်ရေး ဥပဒေတွေကို ပြန်လည် အသက်သွင်းလိုက်ပါတယ်။
အန္တရာယ်ရှိတဲ့ အပူလှိုင်းတွေကြောင့် လုပ်ငန်းတွေကို ရပ်နားရတာ ဒါမှမဟုတ် လျှော့ချရတဲ့ ကုမ္ပဏီတွေ အနေနဲ့ အခုဆိုရင် နိုင်ငံတော်က ထောက်ပံ့ ပေးတဲ့ ခွင့်ရက်လစာ အထောက်အပံ့တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။
အီဖယ်မျှော်စင် Eiffel Tower ကလည်း မြို့တော်မှာ အပူချိန်တွေ မြင့်တက် လာမယ်လို့ ခန့်မှန်း ထားတာကြောင့် အင်္ဂါနေ့မှာ ပုံမှန်ထက် စောပြီး ပိတ်မှာဖြစ်ကြောင်း ကြေညာထားပါတယ်။
ပြင်သစ်အနောက်တောင်ပိုင်းက နျူကလီးယား ဓာတ်အားပေးစက်ရုံ တခုကိုလည်း ပြီးခဲ့တဲ့ တနင်္လာနေ့ညက ပိတ်ပစ်ခဲ့ရပါတယ်။
အကြောင်းကတော့ Garonne မြစ် ထဲက ရေအပူချိန်ဟာ အင်္ဂါနေ့မှာ ၂၈’C အထိ ရောက်ရှိတော့မှာမို့ ဖြစ်ပါတယ်။
ref: bbc
—————————
THN Public Media
