ဇွန် ၂၂ – ၂၀၂၆
အမတ်အဖြစ် ရွေးချယ်ခံရခါစ Andy Burnham က ကီယာ စတာမာ ဝန်ကြီးချုပ် က နုတ်ထွက် တော့မယ်လို့ ကြေညာပြောဆိုလိုက်တဲ့ အပေါ် သူ့အနေနဲ့ ဝန်ကြီးချုပ်နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်ဆိုတာကို အတည်ပြုလိုက်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး Andy Burnham က က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာ မှာ အခုလို ရေးသားထားပါတယ်။
“ကီယာဟာ ကျွန်တော်တို့နိုင်ငံ အတွက် ကြီးမားတဲ့ အလုပ်အကျွေး ပြုမှုတွေ လုပ်ဆောင်ပေးခဲ့တာမို့၊ အခုလို စိန်ခေါ်မှုတွေ များလှတဲ့ ကာလ အတွင်းမှာ သူပြသခဲ့တဲ့ ဦးဆောင်မှုနဲ့ ပေးဆပ်မှုတွေ အတွက် သူ့ကို ကျေးဇူးတင်ရှိကြောင်း ပြောချင်ပါတယ်။
သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ အကူးအပြောင်း ကာလတခုရဲ့ အစကို ဖော်ညွှန်းနေပြီး၊ ဒီလုပ်ငန်းစဉ်ကို စနစ်တကျနဲ့ တာဝန်သိသိ လုပ်ဆောင် သွားဖို့က အရေးကြီးပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံသူ နိုင်ငံသားတွေဟာ တည်ငြိမ်မှု၊ တည်ကြည်လေးနက်မှုနဲ့ အရေးအကြီးဆုံး ကိစ္စရပ်တွေအပေါ် ဆက်လက် အာရုံစိုက် လုပ်ဆောင် သွားတာမျိုး ကိုပဲ မျှော်လင့်နေကြတာဖြစ်ပြီး၊ ဒါကိုလည်း သူတို့ ရရှိ စေရပါမယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားကြတဲ့ အခါမှာ အားလုံး ဖြစ်ချင်တဲ့နိုင်ငံတော်တခု ပြန်ရောက်ရှိသွားအောင် အတူတကွ ပူးပေါင်း လုပ်ဆောင်ဖို့က အဓိက ဦးစားပေး ဖြစ်ရပါမယ်။
ပြည်သူတွေဟာ စီးပွားရေး တိုးတက်မှု၊ လူနေမှုစရိတ်၊ ပြည်သူ့ ဝန်ဆောင်မှု၊ အိမ်ရာနဲ့ နောက်မျိုးဆက်သစ်တွေအတွက် အခွင့်အလမ်းတွေ ပိုမို တိုးတက်လာတာကိုပဲ မြင်တွေ့ချင်ကြတာပါ။ နိုင်ငံရေး အပြောင်းအလဲ ဆိုတာ ပြည်သူတွေရဲ့ ဘဝတွေကို မြှင့်တင်ပေးရမယ့် တာဝန်ကနေ အာရုံလွှဲသွားတာမျိုး ဘယ်တော့မှ မဖြစ်သင့်ပါဘူး။
လေဘာလှုပ်ရှားမှုဟာ ယုံကြည်ချက်၊ ရည်မှန်းချက် အပြည့်နဲ့ ရှေ့ကို မျှော်ကြည့်တဲ့ အခါတိုင်းမှာ အမြဲတမ်း အင်အားအကောင်းဆုံး ဖြစ်ခဲ့ ပါတယ်။
ဒီနေရာ ကနေ ကျွန်တော်တို့ ဒါကိုပဲ လုပ်ဆောင်သွားမှာဖြစ်ပြီး၊ ဒီအကူး အပြောင်းကာလဟာ ကျွန်တော်တို့ ပါတီနဲ့ နိုင်ငံအတွက် ကောင်းမွန်တဲ့ အသစ်တဖန် ပြန်လည်စတင်ခြင်း လုပ်ငန်းစဉ် ဖြစ်လာစေရပါမယ်။”
—————————
THN Public Media
