ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ (MNDAA) က သူတို့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း နှစ်ရာကျော်ကို ပြန်လွှတ် ပေးလိုက်တယ်လို့ လားရှိုးမြို့ခံ တွေဆီက သိရပါတယ်။
ဒီနေ့ (နိုဝင်ဘာ ၁၅) မနက်ပိုင်းမှာ လားရှိုးမြို့နယ် ဟိုပိတ်ရွာကနေ ပြန်လွှတ် ပေးလိုက်တာလို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။
“အရင်တိုက်ပွဲတုန်းက ဖမ်းထားတဲ့ စစ်သားတွေ၊ ရဲတွေလည်း ပါပါတယ်။ ဒီနေ့ ပြန်လွှတ်ပေးလိုက်တာ” လို့ လားရှိုးမြို့ခံ တယောက်က ပြောပါ တယ်။
ပြန်လွတ်လာတဲ့သူ ၂၀၂ ယောက်ရှိတယ်လို့ ဌာနဆိုင်ရာတွေ နဲ့ နီးစပ်သူ တွေဆီကနေသိရပါတယ်။
ပြီးခဲ့တဲ့ လတုန်းကလည်း ကိုးကန့် တပ်ဘက်က စစ်သုံ့ပန်းအချို့ကို ပြန်လွှတ် ပေးတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျန်းမာရေးမကောင်းတဲ့သူတွေကိုတော့ ခဏခဏ လွှတ်ပေးတာပဲ။ ဒီတခါတော့ လွတ်တာများတယ်” လို့ လားရှိုးမြို့ခံ တယောက်က ပြောပါတယ်။
လားရှိုးမြို့နယ်အတွင်းမှာ စစ်တပ်နဲ့ ကိုးကန့် တပ်ဖွဲ့တို့ စစ်ရေး တင်းမာနေ တယ်လို့ သတင်းထွက်နေချိန်မှာပဲ ကိုးကန့်ဘက်က အခုလို စစ်သုံ့ပန်းတွေ လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
နိုဝင်ဘာ ၁၄ ရက်နေ့ မနေ့ကစပြီး သီပေါတံတားကို စ်တပ်က ပိတ်ထား တာ ကြောင့် ကျောက်မဲ၊ သီပေါ၊ လားရှိုး မြို့တွေမှာ ခရီးသွားကားတွေ ပိတ်မိ နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ကတော့ လားရှိုး–မိုင်းရယ်လမ်းကို ပြန်ဖွင့်ပေးထားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
သီပေါတံတား ပိတ်ထားတဲ့အတွက် မန္တလေးမြို့ကို ခရီးသွားမယ့်သူတွေ အနေနဲ့ ရှမ်းပြည်တောင်ပိုင်းဘက်ကနေ တကွေ့တပတ် သွားနေကြရတာ ကြောင့် သီပေါလမ်းပိုင်းကို အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ ခရီးသွားတွေနဲ့ ဒေသခံ တွေက လိုလားနေကြပါတယ်။
crd – VOM
—————————
