ဇွန် ၁၄ – ၂၀၂၆
NSPNC ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ညှိနှိုင်းကော်မတီ နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ ဇွန် ၁၂ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးရာ NSPNC ဘက်က NCA Plus လျာထားမှု အကြောင်း ဆွေးနွေးခဲ့တယ်လို့ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
ဧပြီ ၂၁ ရက်နေ့က NSPNC ကနေ ငြိမ်းချမ်းရေး အတွက် ကြိုတင် ကန့်သတ်ချက် မထားဘဲ ဆွေးနွေးမယ် ဆိုတဲ့ ဖိတ်ခေါ်ချက်အရ SSPP လာရောက်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
SSPP ဒုတိယ ဥက္ကဋ္ဌ ၂ စဝ်ခွန်ဆိုင်က ငြိမ်းချမ်းရေး အမှန်တကယ် လိုအပ်ကြောင်း နဲ့ ဖြစ်နိုင်တဲ့ ကိစ္စတွေကို ဦးစားပေး ဆွေးနွေးသွားကာ အတိတ်က သင်ခန်းစာတွေယူပြီး ယုံကြည်မှု တည်ဆောက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
နှစ်ဘက် ကိုယ်စားလှယ်တွေက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်း နဲ့ ဖြေရှင်းရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ နှစ်ဖက်တပ်အကြား အငြင်းပွား ပါက တွေ့ဆုံညှိနှိုင်းဖြေရှင်းရေး၊ အွန်လိုင်းလိမ်လည်မှု နဲ့ မူးယစ်ဆေးဝါး ကိစ္စရပ်တွေ မရှိရေး၊ ဒေသတည်ငြိမ် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီဆွေးနွေးပွဲကို NSPNC ဘက်က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်ပြီး SSPP ဘက်က ဒုတိယဥက္ကဋ္ဌ (၂) စဝ်ခွန်ဆိုင် ဦးဆောင် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
—————————
THN Public Media
