မေလ ၂၆ – ၂၀၂၆
ကျောင်းသားတော်လှန်ရေးတပ်တော် SRF ဥက္ကဋ္ဌ စံတင်ထွန်း ကို NUG မင်းကင်း ပကဖ တာဝန်ရှိသူတွေက တွေ့ဆုံဖို့ ခေါ်ဆိုခဲ့ပြီးနောက် လမ်းမှာ ဖြတ်တိုက်ကာ ဥက္ကဋ္ဌ စံတင်ထွန်း ကို ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ SRF က သတင်းထုတ်ပြန်ထားပါတယ်။
အညာလည်ရွာကို တွေ့ဆုံဖို့ ပကဖ ဘက်က ခေါ်ခဲ့တာ ဖြစ်ပြီး ညနေ ၅ နာရီ လောက် အချိန် လမ်းမှာ ပစ်ခတ် ဖမ်းဆီး ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
နေ့လည် ၂ နာရီလောက်တုန်း ကတော့ ဥက္ကဋ္ဌ ကိုစံတင်ထွန်း နဲ့ မင်းကင်း မြို့နယ် ပကဖ စစ်ရေး တာဝန်ခံ၊ စစ်ကိုင်း ယူနစ် ကာကွယ်ရေး ဝန်ကြီးတို့ Zoom ကနေ တဆင့် တွေ့ဆုံညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဖေါ်ပြထား ပါတယ်။
ဆွေးနွေးပွဲ အပြီး ဥက္ကဋ္ဌ ကိုစံတင်ထွန်းကို တိုင်းတာဝန်ခံ၊ ဒူဂျွန် ၊ဒူဝါ တို့ကနေ လုံခြုံရေး အာမခံ ခေါ်ခဲ့တာ ဖြစ်ပြီး ဥက္ကဋ္ဌ ကိုစံတင်ထွန်းနဲ့ အတူ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ နဲ့ ပြည်သူတွေလည်း လိုက်ပါသွား ခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးတဲ့အချိန် ပြည်သူတွေက ဥက္ကဋ္ဌ ကိုစံတင်ထွန်းကို ဝိုင်းဝန်း ကာကွယ်ကြရာ ပြည်သူတွေကိုပါ ဆက်လက် ပစ်ခတ်ခဲ့တာ ကြောင့် အမျိုးသားပြည်သူတဦးနှင့် အမျိုးသမီး ပြည်သူတဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။
ဥက္ကဋ္ဌ ကိုစံတင်ထွန်းကို ဘယ်နေ ဖမ်းဆီးခေါ်ဆောင် သွားတယ် ဆိုတာ အခု အထိ မသိရသေးဘဲ အသက်အန္တရာယ် အတွက် စိုးရိမ် ရတယ်လို့ ဖေါ်ပြထားပါတယ်။
လူချင်းတွေ့ဆုံ ဆွေးနွေးဖို့ လုံခြုံရေး အာမခံတယ်ဆိုပြီး ဆက်သွယ်လာလို့ သွားရောက်ခဲ့ပေမယ့် တဘက်က သဘောတူညီချက်ကို ချိုးဖောက်ကာ လက်နက်သုံး ပစ်ခတ် ဖမ်းဆီးခဲ့ခြင်းကို SRF က အပြင်းအထန်ရှုတ်ချထား ပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဥက္ကဋ္ဌ စံတင်ထွန်းကို ချက်ချင်းလွှတ်ပေးဖို့နဲ့ အခုလို ပစ်ခတ်ဖမ်းဆီးမှုနဲ့ နောက်ဆက်တွဲ ကိစ္စတွေကို တာဝန်ယူဖြေရှင်း ဖို့ အတွက်လည်း တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုကိုသာ လက်ခံပြီး အင်အားသုံး ဖြေရှင်းတာတွေကို ဆန့်ကျင်ကြောင်း ထုတ်ပြန်ထားပါတယ်။
—————————
THN Public Media
