အောက်တိုဘာလ ၆ ရက်နေ့ မနက် ၁၀ နာရီ ၂၀ မိနစ်မှာ ရန်ကုန် ပန်းဘဲတန်း မြို့နယ် အမှတ် (၁၁) ရပ်ကွက်ရှိ 32nd Beauty Land Hotel၊ (၅)လွှာ၊ အခန်းအမှတ် (၅၀၂) ပြတင်းပေါက် အပြင်ဘက် Air Con Outdoor နှစ်ခုကြားရှိ အမှိုက်အိတ် အတွင်းမှာ ခုတ်ဖြတ်ခံရပြီး သေဆုံးနေတဲ့ အမျိုးသမီး တဦး နဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကို အောက်တိုဘာလ ၇ ရက်နေ့ ဖမ်းဆီးရမိပြီလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
သေဆုံး အမျိုးသမီးမှာ ပဲခူးတိုင်း နတ်တလင်းမြို့နယ် က မစုမြတ်ဝင်း (၂၃) နှစ် ဖြစ်ကြောင်း နဲ့ ပြစ်မှုကျူးလွန်သူတွေကတော့ သာကေတမြို့နယ်၊ အမှတ်(၇ )အရှေ့ရပ်ကွက်နေ အောင်ခန့်ကျော်ဇင် (၁၈)နှစ် နဲ့ သူ့ရဲ့ ရည်းစားဖြစ်သူ ဗဟန်းမြိုနယ်၊ အရှေ့ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်းသာ အိမ်ရာနေ အေမွန်အောင် (၁၈) နှစ် တို့ ဖြစ်တယ်လို့ ထုတ်ပြန်ထား ပါတယ်။
ပြစ်မှုကျူးလွန်သူတရားခံ အောင်ခန့်ကျော်ဇင်ရဲ့ ထွက်ဆိုချက်အရ သူဟာ ဂိမ်းအလွန်အကျွံ ကစားသူဖြစ်ပြီး လူသတ်အလောင်းဖျောက်တဲ့ နိုင်ငံခြား ဇာတ်လမ်းတွဲတွေ အလွန်အကျွံကြည့်ရှုလေ့ ရှိတယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၅ ရက်နေ့မှာ LEADER အမည်ရှိ Telegram Channel က တဆင့် မစုမြတ်ဝင်းကို ပျော်ပါးဖို့ အခကြေးငွေနဲ့ ဆက်သွယ် ခေါ်ယူခဲ့ပြီး ပန်းဘဲတန်းမြိုနယ်ရှိ 32nd Beauty Land Hotel အခန်း အမှတ်(၅၀၂) မှာ ပျော်ပါးနေစဉ် သူ ကြည့်ရှုခဲ့တဲ့ လူသတ် အလောင်း ဖျောက် နိုင်ငံခြားရုပ်သံ ဇာတ်လမ်းတွဲက ဇာတ်ဆောင်တွေ အတိုင်း မစုမြတ်ဝင်းအား ရက်စက်စွာ သတ်ဖြတ် ခဲ့ကြောင်း ဖြောင့်ချက် ပေးတယ် လို့ ဆိုပါတယ်။
အဲဒီနောက် ရည်းစားဖြစ်သူ အေမွန်အောင်ကို ဟိုတယ်ကို ခေါ်ကာ အခန်းအတွင်း ပေကျံနေတဲ့ သွေးတွေကို သန့်ရှင်းရေးပြုလုပ်ပြီး မစုမြတ်ဝင်း အလောင်းကို ဖျောက်ဖျက်ခဲ့တာ ဖြစ်ကြောင်း ထွက်ဆို တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။