အမျိုးသားစာပေဆု၊ တသက်တာစာပေဆု၊ တော်ဘုရားလေးစာပေဆု၊ အလင်္ကာကျော်စွာဆု ရ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) အသက် (၉၁)နှစ် ဟာ ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ မနက်က Grand Mandalay ဆေးရုံမှာ ဆေးကုသမှုခံယူရင်း ၉၆ ပါးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
မန္တလေး စာပေအသိုင်းအဝိုင်းက တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတပါးဆုံးရှူံးရတာဖြစ်ကြောင်း ဆရာကြီးကောင်းရာဘုံရောက်ရှိမယ် ယုံကြည်ကြောင်း ရေးသားထားကြပါတယ်။
“ဆရာကြီး ကွယ်လွန်တာ မြန်မာစာလောကအတွက် ဆုံရှုံးမှုတစ်ခုပါ။မန္တလေးစာပေလောကအတွက် ဆုံးရှုံးမှုပါ။ဆရာ့ရဲ့ စာ၊ကဗျာနဲ့ပတ်သက်တဲ့ အသိအမြင်အတွေးအခေါ်တွေ မကြားရ၊ မဖတ်ရတော့။ ဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်” လို့ ကဗျာဆရာ မောင်ရဲနွေ(ပလိပ်) က ပြောပါတယ်။
ဆရာ ဦးကိုလေးရဲ့ ကြွင်းကျန်တဲ့ရုပ်ကလာပ်ကို၂၃.၁၁.၂၀၂၅(တင်္နလာ)နေ့လည်(၁)နာရီ တံတားဦး သုဿန်မှာ မီးသင်္ဂြိုလ်သွားမှာဖြစ်ပါတယ်။
ကွယ်လွန်သူကိုရည်စူးပြီး၂၇.၁၁.၂၀၂၅ နေ့တံတားဦးနေအိမ်မှာ ရက်လည် ဆွမ်းကျွေးတရားတော်နာ ကြွရောက်ပါရန်လေးစားစွာဖိတ်ကြားအပ်ပါတယ်လို့ ကျန်ရစ်သူမိသားစုက ဖိတ်ကြားထားပါတယ်။
ဆရာဦးကိုလေးဟာ လမ်းသစ်ကဗျာများ စာအုပ်နဲ့ အမျိုးသားစာပေဆု(၁၉၆၅)၊ မွန်းတည့်အမီ ကဗျာစာအုပ်ဖြင့် တော်ဘုရားလေးကဗျာဆု(၂၀၁၂)အမျိုးသားစာပေ တစ်သက်တာဆု(၂၀၁၄) ရရှိခဲ့ပါတယ်။
–
ဆရာဦးကိုလေးရဲ့ အတ္ထုပ္ပတ္တိကို ဝိကီပီးဒီးယား က ဖေါ်ပြချက်
————————————-
‘’ဆရာ ဦးကိုလေးကို အင်းဝမြို့ ဈေးချို ပန်းပဲတန်းရပ်တွင် အဖ ဦးချွန် နှင့် အမိ ဒေါ်မမကြီးတို့က ၁၉၃၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် မွေးဖွားခဲ့ကာ အမည်ရင်းမှာ ကိုလေး ဖြစ်သည်။မွေးချင်းသုံးယောက် အနက်မှ အကြီးဆုံးဖြစ်သည်။၁၉၄၂ – ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ် အတွင်း မန္တလေးမှ အင်းဝသို့ စစ်ရှောင်ပြေးလာ သော အမ်အေဒေါ်အုန်း၊ မန္တလေး အမျိုးသားကျောင်းဆရာများနှင့် ဖခင် ဦးချွန်တို့ တည်ထောင်သော အင်းဝ ဂုဏ်ရည်ကျောင်းတွင် ပညာသင်ယူခဲ့သည်။ ဆဋ္ဌမတန်းကစတင်ပြီး ကဗျာများရေးသားခဲ့သည်။၁၉၅၂ ခုနှစ်တွင် စစ်ကိုင်းမြို့ အထက် တန်းကျောင်း၌ ပညာဆက်လက် သင်ယူခဲ့ သည်။ ၁၉၅၃-၁၉၅၄ ပညာသင်နှစ်တွင် တံတားဦးမြို့၌ အထက်တန်းကျောင်း ဖွင့်သောအခါ ပြောင်းရွှေ့သင်ယူခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ၁၉၅၄ ခုနှစ်မှ ၁၉၅၉ ခုနှစ် အထိ မန္တလေးတက္ကသိုလ်တွင် Pure Science ဘာသာတွဲကို Inter Part B အထိ သင်ယူခဲ့သည်။
မန္တလေးတက္ကသိုလ်တွင် စစ်ကိုင်းတိုင်းအသင်း ဉာဏဗလမှူး၊ အဆောင်များ စာကြည့်တိုက်မှူး၊ မန်းတက္ကသိုလ် ကလောင်ရှင်အသင်းတို့၌ ပါဝင်လှုပ်ရှားခဲ့သည်။၁၉၆၀ ပြည့်နှစ်တွင် တံတားဦး မြို့ တောင်ဘီလူးကျောင်း၌ ဆရာအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၆၃-၁၉၆၅ ခုနှစ်တွင် ကံဘဲ့ ဆရာ အတတ်သင် သိပ္ပံ၌ အလယ် တန်းပြဆရာဖြစ်သင်တန်းသို့ တက်ရောက်ခဲ့သည်။
၁၉၆၅-၁၉၆၇ ခုနှစ်တွင် တံတားဦးမြို့ မြေငူရွာ အလယ်တန်း ကျောင်း၌ အမှုထမ်းခဲ့သည်။[၂] ၁၉၅၂ ခုနှစ်၊ ဩဂုတ်လထုတ် မန္တလေး မြန်မာ့လမ်းစဉ်သတင်းစာ၌ “ကျွန်ပ်တို့ ဌာန ရွှေအင်းဝ” ကဗျာ စတင်ပုံနှိပ်ဖော်ပြခြင်းခံရသည်။မန္တလေးတက္ကသိုလ် ကျောင်းသား ကဗျာဆရာများထဲ ထင်ရှားသည်။ တင်မိုး၊ မောင်စွမ်းရည်၊ ကြည်အောင် တို့နှင့်အတူ ကဗျာ့တပ်မှူးကြီးလေးဦးအဖြစ် တင်စားခံရသည်။ လမ်းသစ်ကဗျာများ စာအုပ်ဖြင့် ၁၉၆၅ ခုနှစ် အတွက် အမျိုးသားစာပေ (ကဗျာ) ပထမဆု ရခဲ့သည်။
သူသည် ၁၉၉ဝ ခုနှစ်တွင် ကဗျာရှင် ၅ ဦး စုစည်းမှုဖြင့် နဒီငါးသွယ် ကဗျာရှည်စာအုပ် အားလည်း ကောင်း၊ မွန်းတည့်အမီ ကဗျာစာအုပ် အား ၂၀၁၂ ခုနှစ် ဧပြီလ တွင် လူထုကြီးပွားရေး စာအုပ်တိုက်မှ တဆင့်လည်းကောင်း အသီးသီး ထုတ်ဝေခဲ့သည်။’’
Crd – VOM
—————————
THN Public Media
