ပြည်တွင်း

ကဗျာဆရာ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး စျာပန ပြီးစီး

ဇွန် ၂ – ၂၀၂၆

ကဗျာဆရာ၊ရုပ်ရှင် ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာ ရောဂါနဲ့ ဒီကနေ့ ဇွန် ၂ ရက်နေ့ မနက်ပိုင်းက ကွယ်လွန်သွားပြီဖြစ်တယ်လို့ အနုပညာရှင် အသိုင်းအဝိုင်းက သိရပါတယ်။

ဒါရိုက်တာမင်းထင်ကိုကိုကြီးက ကွယ်လွန်ချိန်မှာ အသက် ၆၄ နှစ်ရှိပြီ ဖြစ်ပြီး စျာပန အခမ်းအနားကို ဒီနေ့ နေ့လယ်ပိုင်းကပဲ ရန်ကုန်မြို့၊ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

” ဆုံးတာတော့ ဒီနေ့မနက်အစောပိုင်းကလို့ သိရတယ်။ အသည်းရောဂါနဲ့ပါပဲ ။ ဒီနေ့ ချက်ခြင်းသဂြိုဟ်လိုက်ပြီ။ ကဗျာဆရာ တချို့ လိုက်ပို့ကြတယ်။ မိသားစုဆန္ဒအရ အကျဥ်းချုံး လုပ်လိုက်တယ်သိရပါတယ်။ “လို့ ရုပ်ရှင် ထုတ်လုပ်ရေး အသိုင်းဝိုင်းက တယောက်က ပြောပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါခံစားနေရပြီး ခန္ဓာကိုယ် တခုလုံးမှာလည်း ကင်ဆာဆဲလ်များ ပျံ့နှံ့နေကြောင်းကို သူရဲ့ လူမှုကွန်ရက် စာမျက်နှာ ကနေ အသိပေးတာမျိုးရှိခဲ့ပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ မှတ်တမ်းရုပ်ရှင် ရိုက်ကူးခြင်း အတတ် ပညာကို လူငယ်တွေဆီ အခမဲ့ သင်ကြားပေးခဲ့တဲ့ အပြင် လူ့အခွင့်အရေးနဲ့ လူ့ဂုဏ် သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ၂၀၁၃ ခုနှစ် ရန်ကုန်မြို့မှာ စတင် ကျင်းပခဲ့သူဖြစ်ပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ၂၀၁၉ ခုနှစ်မှာ နိုင်ငံတော် အကြည်ညို ပျက်စေမှု ၅၀၅(က)၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ နဲ့ အင်းစိန် အကျဉ်းထောင်မှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

ဒါအပြင် ၂၀၂၁ မှာလည်း ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ်ချမှတ်ခံရပြီး ၂၀၂၂ ခုနှစ်မှာ ပြန်လည်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ – သစ္စာနီ/ ARC

crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *