မနေ့က ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂ စစ်တမ်းတခု အရ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ အခုနှစ် ဘိန်းဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ ဆယ်စုနှစ် အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးတဲ့ အဓိက နိုင်ငံတခု အဖြစ် ဆက်လက် ရပ်တည် နေကြောင်း ဖေါ်ပြထားပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံး (UNODC) က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဘိန်းစစ်တမ်း ၂၀၂၅ အရ ဘိန်းစိုက်ပျိုးတဲ့ ဧရိယာဟာ ၂၀၂၄ ခုနှစ်မှာ ၁၇% တိုးလာခဲ့ပြီး ဟက်တာ ၅၃၁၀၀ ( ၁၃၁၂၁၂ ဧက) အထိ ရှိလာခဲ့ရာ၊ ၂၀၁၅ ခုနှစ် နောက်ပိုင်း အကြီးမားဆုံး နယ်မြေ ဧရိယာဖြစ်ခဲ့ပါတယ်။
တာလီဘန် အုပ်ချုပ်နေတဲ့ အာဖဂန် နစ္စတန် မှာ သိသိသာသာ ကျဆင်း သွားပေမယ့် မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဘိန်းထုတ်လုပ်မှုရဲ့ အဓိကရင်းမြစ် အဖြစ် ခိုင်မာစွာ ရပ်တည်လာခဲ့ ပါတယ်။
UNODC က မြန်မာနိုင်ငံကို ကမ္ဘာ့အကြီးဆုံး မက်သမ်ဖက်တမင်း (methamphetamine) ထုတ်လုပ်တဲ့ နိုင်ငံ အဖြစ်လည်း ဖေါ်ပြထား ပါတယ်။
မက်သမ်ဖက်တမင်းကို ဘိန်းဖြူထက် ထုတ်လုပ်ဖို့ ပိုမိုလွယ်ကူပြီး ကြည်လင်နေတဲ့ အဖြူ အပြာ ရှိတဲ့ ဆေးပြား (crystal meth) အဖြစ် ထုတ်လုပ်ကာ အာရှနဲ့ ပစိဖိတ်ဒေသ တဝန်းလုံးကို ကုန်းလမ်း၊ ရေကြောင်းနဲ့ လေကြောင်းတို့ကနေ ဖြန့်ဖြူးနေတာ ဖြစ်ပါတယ်။
ဘိန်း၊ မော်ဖီး နဲ့ ဟီရိုအင်း တို့ကို ဘိန်းပန်းတွေ ကနေ ရရှိတာ ဖြစ်ပြီး မြန်မာနိုင်ငံဟာ ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်တွင်းစစ်ထဲ ကျဆင်းကာ ဆင်းရဲမွဲတေမှုနဲ့ မတည်ငြိမ်မှုတွေ ရင်ဆိုင်နေရတာကြောင့် မြန်မာ တောင်သူ တွေဟာ ဘိန်းစိုက်ပျိုးမှုတွေကို ပိုမိုလုပ်ဆောင်လာ ကြတာ ဖြစ်ပါတယ်။
ဘိန်းစိမ်း တကီလိုဂရမ်ဟာ အခုအခါ ဒေါ်လာ ၃၂၉ ခန့်ရှိပြီး ၂၀၁၉ ခုနှစ် က ဈေးနှုန်း ဒေါ်လာ ၁၄၅ ထက် နှစ်ဆကျော် တက်လာခဲ့ပါတယ်။
အစီရင်ခံစာ အရ မြန်မာနိုင်ငံရှိ ဘိန်းစီးပွားရေး တန်ဖိုးဟာ ဒေါ်လာ ၆၄၁ သန်းမှ ၁.၀၅ ဘီလီယံ ခန့်ရှိပြီး ဒါဟာ ၂၀၂၄ ခုနှစ် စုစုပေါင်း ပြည်တွင်း ထုတ်ကုန် (GDP) ရဲ့ ၀.၉% မှ ၁.၄% ခန့် ရှိနေပါတယ်။
တချို့ဒေသတွေမှာ ပဋိပက္ခတွေ ပြင်းထန်လာခြင်းကြောင့် တောင်ယာ လုပ်ငန်း ၁၃% ကျဆင်းကာ ရလဒ်အနေဖြင့် ဘိန်းထုတ်လုပ်မှု ၁% တိုးလာပြီး မက်ထရစ်တန် ၁၀၁၀ ခန့် ရှိလာကြောင်း အစီရင်ခံစာက ဆိုပါတယ်။
အာဖဂန်နစ္စတန်မှာ ဘိန်း ထုတ်လုပ်မှု ပြိုကျသွားပြီးနောက် လိုအပ်တဲ့ ဝယ်လိုအား ကွာဟချက်ကို ဖြည့်ဆည်းဖို့ မြန်မာက ဘိန်းဖြူတွေဟာ ဥရောပရှိ စျေးကွက်တွေအထိ က်ရှိနေတဲ့ အရိပ်အယောင်တွေ ပေါ်ထွက် လာနေပါတယ်။
UNODC ရဲ့ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဆိုင်ရာ ကိုယ်စားလှယ် Delphine Schantz က မြန်မာနိုင်ငံမှာ “ပဋိပက္ခတွေ ပြင်းထန်လာတာ၊ အသက်ရှင် ရပ်တည်ဖို့ လိုအပ်ချက်နဲ့ ဈေးနှုန်းတွေ မြင့်တက်လာတဲ့ ဆွဲဆောင်မှု တွေကြောင့် တောင်သူ တွေဟာ ဘိန်းစိုက်ပျိုးရေးဘက်ကို ဆွဲဆောင် ခံနေရပါတယ်။ ရေရှည် တည်တံ့တဲ့ တခြား အသက်မွေးဝမ်း ကြောင်းတွေ ဖန်တီး မပေးနိုင်ရင် ဆင်းရဲမွဲတေမှုနဲ့ တရားမဝင် စိုက်ပျိုးမှု အပေါ် မှီခိုမှု သံသရာဟာ ပိုမို နက်ရှိုင်းလာပါလိမ့်မယ်” လို့ ပြောကြားခဲ့ ပါတယ်။
—————————
THN Public Media
