THN Public Media Blog သတင်း War ကသာမြို့ စျေးကြီးနားအထိ တိုက်ပွဲပြင်းထန်နေပြီး မြို့လုံးကျွတ်နီးပါး စစ်ရှောင်
War

ကသာမြို့ စျေးကြီးနားအထိ တိုက်ပွဲပြင်းထန်နေပြီး မြို့လုံးကျွတ်နီးပါး စစ်ရှောင်

ဇန်နဝါရီ ၂ – ၂၀၂၆

စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ တိုက်ပွဲ ပြင်းထန် ဖြစ်ပွားနေပြီး ကသာမြို့ စျေးကြီးနား ဝန်းကျင်အထိ ရောက်ရှိနေ တာကြောင့် မြို့လုံးကျွတ် နီးပါး စစ်ရှောင် နေကြရပြီ ဖြစ်တယ်လို့ ဒေသခံဆီက သိရပါတယ်။

ယခု တိုက်ပွဲ ဖြစ်နေတဲ့ နေရာ တလျှောက်မှာ ကသာစျေး၊ ကသာရဲစခန်း၊ ကသာအကျဥ်းထောင် ၊ ခရိုင်ရုံးပေါင်းစုံ၊ စစ်တပ် တပ်စခန်းတွေ နဲ့ နောက်ဆုံး ၃၀၉ တပ်ရင်း ရှိကြောင်း လက်ရှိမှာ PDF တွေက ထောင်အထိ ထိုးဖောက်နိုင်ဖို့ အတွက် ထိုးစစ်ဆင်နေကာ တပ်ဘက် ကလည်း မြေပြင် ပစ်ခတ်မှု အပြင် လေကြောင်း ပစ်ကူနဲ့ပါ အပြင်း အထန် ခုခံနေရတဲ့ အခြေ အနေ ဖြစ်နေတယ်လို့ သိရပါတယ်။

” သဖန်းကိုင်းရွာ ပြီးမှ စျေးကြီး ရှိမယ်။ စျေးနားမှာ ရဲစခန်းရှိမယ်။ အဲဒါတွေပြီးရင် ထောင်ရှိမယ်။ ထောင်မှာ အကျဥ်းသား ၉၀၀ လောက် ရှိတယ် ကြားတယ်။ ထောင်မှာလည်း လုံခြုံရေး တွေချထားတယ်။ ထောင်ကို ကျော်သွားရင် အ.ထ.က ၁၊ အ.ထ.က ၂ နဲ့ မီတာ ၄၀၀ ကွင်း ရှိမယ်။ အဲဒီကွင်းမှာလည်း စစ်တပ် ချထားတယ်။ အဲဒါပြီးရင် ခရိုင်စုပေါင်း ရုံးကြီးရှိတယ်။ ရုံးပေါင်းစုံပေါ့။ အဲနားမှာလည်း နောက်ထပ် ရဲစခန်း ရှိတယ်။ အဲဒါတွေပြီးရင် ရပ်ကွက် ၁၀ ရှိတဲ့။ အဲဒါကျော်မှ ၃၀၉ တပ်ရင်း ပေါ့။ တပ်က တဖြေးဖြေးဆုတ်ရင်း ခံစစ်နဲ့ တိုက်နေတာ။ အဲဒီတော့ အဲဒီ နေရာကို သိမ်းဖို့ကတော့ သိပ်မလွယ်ဘူးလို့ မြင်တယ်။ ” လို့ ကသာ ဒေသခံက ပြောပါတယ်။

ကသာမြို့ တိုက်ပွဲအကြားမှာ ဒေသခံတွေ ထိခိုက် ဒဏ်ရာရရှိမှု လည်း ရှိထားသလို အ.ထ.က ၂ ကျောင်းလည်း ထိခိုက် ပျက်စီးသွားတယ်လို့ စစ်ရှောင် လာသူ တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လက်ရှိမှာတော့ ကသာကနေ မြို့လုံးကျွတ် နီးပါး လူသိန်းနဲ့ချီ စစ်ဘေးရှောင် မှုရှိနေပြီး စစ်ဘေးရှောင် ဖို့အတွက် ကြိုတင် ပြင်ဆင် ထားသူတွေ ကတော့ တန်ဖိုးကြီး ရွှေထည်ပစ္စည်းနဲ့ အဝတ်အစား၊ စောင်၊ စားသောက်စရာ အချို့ကာ သယ်ယူနိုင်ခဲ့ ပေမယ့် အရေးပေါ် ထွက်ခွာ လာခဲ့ ရသူ တွေကတော့ ပစ္စည်းသယ်ယူ နိုင်မှု မရှိဘဲ စစ်ရှောင် ခဲ့ကြ ရတယ် လို့သိရပါတယ်။

ကသာမြို့ခံတွေ မှာ စစ်ဘေးကြောင့် စစ်ရှောင်ရချိန် လူစောင့်မရှိတဲ့ နေအိမ်တွေမှာ ဖောက်ထွင်းခံရမှု တွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

” ၃၁ ရက်မှာ ဖွင့်ပေးလို့အကုန် ထွက်တယ်။ ၁ ရက်နေ့ မနက်လည်း မဖွင့် ပေမယ့် ရအောင်တိုးထွက် လာသူတွေရှိတယ်။ ကျန်ခဲ့သူတွေလည်း ရှိတယ်။ ထိခိုက်ဒဏ်ရာ ရသူတွေလည် ရှိတယ်။ လူက သိန်းချီပြီးကို ရှောင်ကြရတာပါ။ အခုတော့ အထွက်မခံတော့ဘူး သိရတယ်။ ပတ္တမြားရပ်ကွက် ရပ်ကွက်၉ က အဖိုးကြီး အဖွားကြီး နေတဲ့အိမ်ပေါ် ဒရုန်းကျပြီး ဒဏ်ရာရတယ်။ အဲဒါမျက် မြင်ပေါ့လေ။ အခုက တိုက်ပွဲက ကသာ စျေးကြီး ရောက်နေပြီ သိရတယ်။

စျေးကြီးပြီးမှ ရပ်ကွက် ၁၀၊ အဲဒါပြီးရင် ၃၀၉ တပ်ရင်းပဲ ရှိတယ်။ လေယာဥ် ကလည်း ပစ်နေတယ်။ ဒရုန်းကလည်း ဝဲနေတယ်။ ကျွန်တော် အရင် ရှောင်သွားတဲ့ အိမ်တွေတောင် အရင်ရက်ကတည်းက ဖောက်ပြီး ခိုးနေတာ။ အခုတမြို့လုံးဖောက်ပြီပေါ့။ အဲဒါကြောင့် ကျွန်တော့် အိမ်ဆို သော့မခတ်ခဲ့ တော့ဘူး ။ ဖွင့်ထားခဲ့တယ်။ ခတ်လည်း ဖျက်ခိုးမှာလေ။ ” လို့ စစ်ရှောင်လာသူ ကပြောပြပါတယ်။

ကသာ စစ်ရှောင် အများစုကတော့ လက်ရှိမှာ နဘား ၊ မိုးညှင်း ၊ ရွှေကူ ၊ မော်လူး၊ မဲဇာ ၊ မြစ်ကြီးနား ဘက်ကို သွားရောက်ကြတာ ရှိသလို ရန်ကုန် ၊ မန္တလေး ဘက်ကိုလည်း သွားရောက်ဖို့ စီစဥ်နေသူ နဲ့ ရောက်ရှိနေသူ တွေလည်း ရှိတယ်လို့ သိရပါတယ်။

ကသာကနေ စစ်ရှောင်လာသူ တွေကိုတော့ သက်ဆိုင်ရာ နယ်မြေအလိုက် ဒေသခံတွေက လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ လုပ်ဆောင် နေတာ တွေ့ရသလို နေထိုင်ဖို့အတွက် အဆင်ပြေ အောင်လည်း ကူညီမှုတွေ ပေးနေတာ တွေ့ရပါတယ်။

ကသာမြို့မှာတော့ ဒီဇင်ဘာ ၂၇ ရက်နေ့ ညပိုင်းက စပြီး တိုက်ပွဲစတင် ဖြစ်ပွား ခဲ့တာဖြစ်ပြီး အဲဒီနောက် ၂၀၂၆ ဇန်နဝါရီ ၁၊ ၂ ရက်နေ့ အထိ ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်တယ် လို့သိရပါတယ်။

တိုက်ပွဲအတွင်း စစ်တပ် ကလည်း လေကြောင်းကနေ ပစ်ခတ်တိုက် ခိုက်မှုတွေ ဆက်တိုက်ရှိနေတယ်လို့သိရပါတယ်။

ကသာမှာ တိုက်ပွဲ ဖြစ်နေတဲ့ ကြားကပဲ ဒီဇင်ဘာ ၂၈ ရက်နေ့ ရွေးကောက် အပိုင်း ၁ ကို ကျင်းပမှုရှိခဲ့ပါတယ်။

PDF တွေကတော့ ကသာကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲ နေတာ ဖြစ်တယ်လို့ ကြေညာ ထားပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version