ပြည်တွင်း

ကသာ အပါအဝင် စစ်ကိုင်းတိုင်းအတွင်း လေကြောင်း တိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲ ဆက်လက် ပြင်းထန်

ဇန်နဝါရီ ၅ – ၂၀၂၆

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် တချို့မှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်းက ကသာ၊ ဘုတလင်၊ ဗန်းမောက်၊ ဝက်လက်၊ ဆားလင်းကြီး၊ ခင်ဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ စစ်ကိုင်း၊ ရွှေဘို၊ ကလေး အစရှိတဲ့ မြို့တွေအပါအဝင် တခြားသော မြို့နယ်တချို့မှာ စစ်ရေး ပြင်းထန်နေတယ်လို့ သိရပါတယ်။

မနေ့ ဇန်နဝါရီ ၄ ရက်၊ နေ့လယ် ၁ နာရီ၊ မိနစ် ၂၀ ဝန်းကျင်က ဆားလင်းကြီး မြို့နယ်ရှိ မတောင့်တ ကျေးရွာ တိုက်နယ်ဆေးရုံကို လေကြောင်း တိုက်ခိုက်မှု ကြောင့် ၃ ဦး သေဆုံးကာ ထိခိုက် ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

“သုံးယောက်က နေရာမှာတင် ပွဲချင်းပြီး သေဆုံးတယ်။ ဒဏ်ရာ ရတဲ့သူတွေလည်း များတယ်။ အရေးပေါ် ရွှေ့ပြောင်းနေရလို့ ဒဏ်ရာရ အရေအတွက် ကိုတော့ ပြောလို့ မရသေးဘူး” လို့ ကူညီပေးနေသူ တယောက်က ပြောပါတယ်။

ဒါအပြင် ကသာမြို့မှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့ကစပြီး မြို့ထဲမှာ ပစ်ခတ်သံတွေ ငြိမ်သက်နေပေမယ့် မြို့ပြင်က ခြေမြန်တပ်ရင်း (ခမရ – ၃၀၉) အနီးဝန်းကျင် မှာတော့ တိုက်ပွဲ ဆက်ဖြစ်နေပြီး လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ကသာတိုက်ပွဲမှာ စစ်တပ်က လက်နက်၊ ခဲယမ်း၊ ရိက္ခာတွေနဲ့ ခံစစ် ကြိုပြင်ထားတဲ့ အနေအထားဖြစ်ပြီး စစ်ကူတွေလည်း ရောက်နေကာ လေကြောင်းဖိအား ရှိတဲ့ အတွက် လွယ်လွယ်နဲ့ တိုးမပေါက်ခဲ့ဘူး လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။

“တိုက်ပွဲဖြစ်ပြီဆိုရင် နှစ်ဖက်အဖွဲ့မှာ ဘယ်အဖွဲ့က အသာစီး ရနေလဲ၊ ဘယ်အဖွဲ့က အထိအနာဆုံး ဖြစ်မလဲဆိုတာကို တော်တော်များများက စိတ်ဝင်တစား ရှိကြတယ်။ တကယ်တမ်း တိုက်ပွဲတွေမှာ အထိအနာဆုံးက ပြည်သူတွေပါ” လို့ သူက ပြောပါတယ်။

ဒါအပြင် ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပမယ့် ဘုတလင်မြို့မှာလည်း စစ်တပ်က ကြည်းကြောင်း၊ လေကြောင်းတွေနဲ့ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန် နေသလို ကလေးနဲ့ တမူးမြို့နယ်တွေမှာလည်း စစ်တပ်က နယ်မြေ ပြန်လည် စိုးမိုး နိုင်ရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်းက နှစ်ကြိမ်ထက်မနည်း လေကြောင်း တိုက်ခိုက်မှုရှိခဲ့လို့ ရွှေဘို – မြစ်ကြီးနား လမ်းတလျှောက် စစ်ရေး တင်းမာ နေသလို ဝက်လက် ဒေသမှာလည်း စစ်တပ်က နယ်မြေရှင်းလင်းရေး ပြုလုပ် နေတယ်လို့ သိရပါတယ်။

ဒါအပြင် တန့်ဆည်နဲ့ ကန့်ဘလူနယ် သဖန်းဆိပ်ဆည်နားက ကျေးရွာချို့ကိုလည်း PDF တွေ ထိန်းချုပ်ထားတာကြောင့် စစ်ရေး တင်းမာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

စစ်တပ်ကနေ ပြီးခဲ့တဲ့ နှစ် သြဂုတ်လက စလို့ စစ်ကိုင်းတိုင်း အတွင်း လေကြောင်း တိုက်ခိုက်မှုတွေ အပြင် မြေပြင် စစ်ကြောင်းတွေကိုလည်း အင်အား အများအပြား သုံးကာ မြို့နယ် ၁၅ မြို့နယ်ထက် မနည်း တကျော့ပြန် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး နယ်မြေတချို့ကို ပြန်လည် ရယူနိုင်ခဲ့သလို အရေးကြီး လမ်းပိုင်းတွေကိုလည်း ပြန်လည် ထိန်းချုပ်ထားနိုင်တာကို တွေ့ရပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *