ဇွန် ၂ – ၂၀၂၆
NUG MOD ရဲ့ COC အောက်ကို မဝင်တဲ့ LPDF တွေနဲ့ ကျောင်းသား အဖွဲ့တွေကို ဗကပ နံမည်တပ်ပြီးဆန့်ကျင်နေကြတယ်လို့ PLA ပြောရေးဆိုခွင့်ရှိသူဟောင်း ရဲဘော်နီနီကျော် က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဒီကနေ့ ရေးသားဖေါ်ပြထားပါတယ်။
ဒိအတွက် ကိုယ်နဲ့မတူတဲ့ လူတိုင်းကို ဗကပ လို့စွတ်စွဲပြီး တိုက်ခိုက်ချင် နေကြ ပြန်ပြီလား’’ ဆိုပြီး ရဲဘော်နီနီကျော် မေးခွန်းထုတ်ထားပါတယ်။
–
ရဲဘော်နီနီကျော် ရေးသားချက် အပြည့်အစုံ
————————–
NLD စပေါ်ထဲက အစောဆုံး မန်ဘာတွေထဲမှာပါခဲ့တယ်
NLD ဖြစ်ပေါ်ဖို့နဲ့ အောင်မြင်ဖို့ ကွန်မြူနစ်တွေ အများကြီး ဝိုင်းရံ ထောက်ကူပေးခဲ့တယ်
နွေဦးတော်လှန်ရေးကို ကျောင်းသားတွေ အလုပ်သမားတွေက စပြီးဦးဆောင်ခဲ့တယ်၊
နောင်တော့ NLD တွေအများစုပါတဲ့ NUG နဲ့ PDF တွေ ပသုံးလုံးပေါ်လာခဲ့တယ်၊ ကွန်မြူနစ်တွေက လူထုလွတ်မြောက်ဖို့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တယ်၊ တိုက်ပွဲဝင်နေဆဲဘဲ၊
အဲဒါကို ရန်သူစစ်သုံးစစ် ပျက်သုန်းဖို့ အင်အားကုန်သုံးပြီးမတိုက်ဘဲနဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးလုပ်နေကြတာ မြင်နေ ကြားနေရပါတယ်၊
ဗကပ ကိုတိုက်ဖို့က ရန်သူစစ်အုပ်စုကိုတိုက်ဖို့ထက် ဘာလို့ပိုအရေးကြီးနေကြတာလဲ? NUG MOD ရဲ့ COC အောက်ကိုမဝင်တဲ့ LPDF တွေနဲ့ ကျောင်းသားအဖွဲ့တွေကို ဗကပ နံမည်တပ်ပြီးဆန့်ကျင်နေကြတယ်၊
ဒီဗမာပြည်လွတ်မြောက်ဖို့ ကွန်မြူနစ်တွေရဲ့ အသွေးအသားတွေ၊ ဘဝတွေပေးဆပ်ပြီး အရိုးတောင်လိုပုံနေအောင်တိုက်ခဲ့တာ ကွန်မြူနစ်တွေဘဲ၊ ကွန်မြူနစ်တွေ အရိုးက အရိုးပုံရဲ့အောက်ဆုံးမှာရှိတယ်၊ သမိုင်းကို အလိမ်အညာကင်းကင်းနဲ့ မှန်ရာကို အသိအမှတ်ပြုရဲ ဝန်ခံရဲတဲ့စိတ်ဓာတ်၊ ကျေးဇူးတရားကိုသိတတ်တဲ့ စိတ်ဓာတ်တွေကို နိုင်ငံအရေးလုပ်နေတဲ့သူတိုင်း ရှင်းရှင်းလင်းလင်း သိထားသင့်ပါတယ်၊
၈၈၈၈ လုံးတုန်းကလဲ ကျောင်းသားတွေကို ရန်သူ့စစ်တပ်က ဗကပ တွေဆိုပြီး ရက်ရက်စက်စက် သတ်ခဲ့တယ်၊
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာကျတော့လဲ ဘုန်းကြီးတွေကို ဗကပတွေလို့ စွတ်စွဲပီး စွမ်းအားရှင်တွေ ကြံဖွတ်တွေနဲ့ ရန်သူ့စစ်တပ်က ရက်ရက်စက်စက် ပစ်သတ်ခဲ့တယ်၊
အခုလဲ ကိုယ်နဲ့မတူတဲ့လူတိုင်းကို ဗကပ လို့စွတ်စွဲပြီး တိုက်ခိုက်ချင်နေကြပြန်ပြီလား?
ရန်သူလုပ်ရမဲ့အလုပ်ကို လိုက်မလုပ်မိပါစေနဲ့
လိုက်လုပ်ရင် လူထုဆန့်ကျင်မှုခံရမယ် သမိုင်းအမှိုက်ပုံထဲ ရောက်သွားလိမ့်မယ်လို့ စေတနာနဲ့ ရေးသားလိုက်ရပါသည်
2 June 2026
အလေးနီဖြင့်
ရဲဘော်နီနီကျော်
—————————
THN Public Media
