မေ ၃၀ – ၂၀၂၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် (စနဲမြို့အပါအဝင်) နဲ့ စစ်တွေမြို့နယ် အနီး ဝန်းကျင်မှာ စစ်တပ်နဲ့ AA တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန် နေချိန် အာရက္ခတပ်တော် ULA/AA က ရခိုင်တပြည်လုံး နီးပါး သိမ်းပိုက် ထိန်းချုပ် ထားနိုင်တဲ့ အနေအထားကို ရောက်ရှိ နေပြီဖြစ်ပြီး ရာနှုန်းပြည့် အောင်မြင်ဖို့ လက်တကမ်းသာ လိုတော့တယ်လို့ မေလ ၂၉ ရက် ထုတ်ပြန်ချက် တခုမှာ ဖေါ်ပြထားပါတယ်။
ရခိုင်တပြည်လုံး မြို့ပြစီမံကိန်း တိုးတက်ဖွံ့ဖြိုးရေး ဆိုင်ရာ ထုတ်ပြန်ချက် မှာ ULA/AA က အခုလို ဖေါ်ပြထားတာ ဖြစ်ပြီး မြို့ပြစီမံကိန်းတွေမှာ ရခိုင်ပြည်သူတွေ ပူးပေါင်း ပါဝင်ဖို့ တိုက်တွန်းထားပါတယ်။
ကျောက်ဖြူနဲ့ စနဲမြို့အနီးမှာ အခု မေလအတွင်း AA ရဲ့ ထိုးစစ်တွေကြောင့် တိုက်ပွဲတွေ အထူးပြင်းထန်နေပြီး စစ်တပ်က လေကြောင်း၊ ရေကြောင်းနဲ့ ဆက်တိုက် တိုက်ခိုက် နေတဲ့အတွက် ဒေသခံ ငါးသောင်းဝန်းကျင် နေရပ် စွန့်ခွာ တိမ်းရှောင် နေရတယ်လို့ သိရပါတယ်။
လက်ရှိမှာ စနဲမြို့နဲ့ ၇ မိုင်ကျော် အကွာမှာရှိတဲ့ ကုလားမကျွန်းနဲ့ ဖရုံကျွန်းမှာ အခြေစိုက်ထားတဲ့ စစ်တပ်ရဲ့ ရေတပ် စစ်ရေယာဉ် တွေပေါ် ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ် နေသလို လေကြောင်း ကနေလည်း အဆက်မပြတ် ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ သိရ ပါတယ်။
ဒါ့အပြင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အခြေစိုက်ရာ စစ်တွေမြို့ရဲ့ အနီးတဝိုက်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး AA က မြို့ကို ပိတ်ဆို့ ထားကာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင် နေတယ်လို့ သိရပါတယ်။
“ရခိုင်ပြည် စစ်ရေးအခြေအနေက ကျောက်ဖြူ၊ စနဲဘက်မှာ တိုက်ပွဲ ရှိတယ်။ စစ်တွေဆိုလည်း တိုက်ပွဲက မြို့ပေါ်မရောက်သေးပေမယ့် မြို့ရဲ့ ပတ်ဝန်းကျင်မှာ တိုက်ပွဲ ဖြစ်နေတာတွေရှိတယ်။ အခုဆို တိုက်ပွဲ မဖြစ် သေးတာဆိုလို့ ရခိုင်မှာ မာန်အောင်မြို့ တမြို့ပဲ ကျန်မယ်။ ဒါပေမယ့် မာန်အောင်မှာ လည်း စစ်ရဲ့ အရိပ်အယောင်တွေ တွေ့လာရပြီလို့ မြို့ခံတွေကပြောတယ်။ တိုက်ပွဲအတွက် ပြင်ဆင်မှုတွေ၊ စစ်ရေး လှုပ်ရှားမှု တွေ ရှိနေပြီပြောကြတယ်” လို့ သတင်းရင်းမြစ် တယောက်က ပြောပါ တယ်။
AA အနေနဲ့ လက်ရှိမှာ ရခိုင်ပြည်နယ် အတွင်းက သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွမြို့ အပြင် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်ကိုပါ သိမ်းပိုက်ထားတာဖြစ်ပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် အစရှိတဲ့ မြို့ သုံးမြို့သာ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာဖြစ်ပါတယ်။
လက်ရှိ ရခိုင်ပြည်အတွင်းမှာ မာန်အောင်မြို့ တမြို့သာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကျန်ရှိနေတာ ဖြစ်ပေမယ့် စစ်ရေးတင်းမာမှုတွေ ရှိနေပြီး စစ်တပ်က မြို့ပေါ်ရှိ အထင်ကရ နေရာတွေနဲ့ စမုံတဲ လေဆိပ်တို့မှာ စစ်အင် အားတိုးချဲ့ကာ နေရာယူထားတဲ့အပြင် ရေကြောင်း ကနေ စစ်သင်္ဘောတွေနဲ့ ကင်းလှည့်ခြင်း၊ လေကြောင်း ကင်းထောက်ခြင်းတွေ ပြုလုပ် နေတယ်လို့ သိရပါတယ်။
crd – VOM
—————————
THN Public Media
