မနေ့က ဗီယက်နမ်ကို တိုက်ခတ်သွားတဲ့ ခါမာဂီ မုန်တိုင်းကြောင့် လူ ၃ ဦး သေဆုံးသွားခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေမှာ ဖေါ်ပြထားကာ အခုဆို မုန်တိုင်းဟာ ကမ္ဘောဒီယား နဲ့ လာအို ကြားကနေ ဖြတ်ပြီး ထိုင်းနိုင်ငံကို ဦးတည် ရွေ့လျား တိုက်ခတ်နေပါတယ်။
ဗီယက်နမ် အလယ်ပိုင်းကို လေတိုက်နှုန်း တနာရီ ၉၂ မိုင် နဲ့ ဖြတ်ကျော် ခဲ့တာ ဖြစ်ပြီး ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဌာနကတော့ သေဆုံးသူဦးရေ နဲ့ ပျက်စီး ဆုံးရှုံးမှု ခန့်မှန်းခြေကို ထုတ်ပြန်ခြင်း မရှိသေးပါ။
ဗီယက်နမ် အလယ်ပိုင်းမှာ ပြီးခဲ့တဲ့ အပတ်က စံချိန်တင် မိုးရွာလို့ လူ ၅၀ နီးပါး သေဆုံးခဲ့ပြီးနောက် အခု မုန်တိုင်း ထပ် တိုက်ခဲ့တာ ဖြစ်ပါတယ်။
မုန်တိုင်း မဝင်ခင် ဗီယက်နမ်စစ်တပ်က စစ်သား နဲ့ ဝန်ထမ်း ၂ သိန်း ၆ သောင်းကျော်၊ ယာဉ်စီးရေ ၆၇၀၀ ကျော် နဲ့ လေယာဉ် ၆ စီး တို့ကို ကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက် ဖြန့်ကျက် ချထားခဲ့တာ ဖြစ်ပါတယ်။
ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh က အရေးပေါ် တုံ့ပြန်မှုတွေ ဆောင်ရွက်ဖို့ အွန်လိုင်း အစည်းအဝေးတခု ပြုလုပ်ခဲ့ပြီး၊ “ကျွန်တော်တို့ဟာ သီးခြား ဒေသအလိုက် ရောက်အောင်သွားပြီး ပြည်သူတွေ အတွက် အစားအသောက်၊ သောက်သုံးရေနဲ့ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေ ရရှိဖို့ သေချာစေရပါမယ်။ ဘယ်သူ့ကိုမှ ဆာလောင်မှု၊ ချမ်းအေး မှုတွေ မဖြစ်စေရပါဘူး” လို့ ပြောကြားသွားခဲ့ ပါတယ်။
မုန်တိုင်းဟာ လာအို ကမ္ဘောဒီယား နယ်စပ်ဒေသ ကနေ ဖြတ်ပြီး ထိုင်းနိုင်ငံ ကို ဦးတည်နေတာကြောင့် မုန်တိုင်း သက်ရောက်မှုအတွက် ထိုင်းနိုင်ငံမှာ ပြင်ဆင်နေကြပြီး၊ ဒေသခံအရာရှိတွေက ရုတ်တရက် ရေကြီးမှု၊ မြေပြိုမှုနဲ့ မြစ်ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားပါတယ်။
ဒီမုန်တိုင်းဟာ ကနဦး ဖိလစ်ပိုင်ကျွန်းကို ဝင်ရောက်ခဲ့တုန်းက အဲဒီမှာ လူပေါင်း ၁၁၄ ဦး သေဆုံးခဲ့ပြီး အခုနှစ်အတွင်း အပြင်းထန်ဆုံး မုန်တိုင်း တခုလည်း ဖြစ်ပါတယ်။
—————————
THN Public Media
