နိုင်ငံတကာ

ဂရင်းလန်း ကိစ္စ ထရမ့် အခွန်တိုးမယ့် မဟာမိတ် ၈ နိုင်ငံ အရေးပေါ် အစည်းအဝေး ကျင်းပမယ်

ဇန်နဝါရီ ၁၈ – ၂၀၂၆

ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်းကို သိမ်းယူဖို့ အဆိုပြုချက်ကို ကန့်ကွက်နေတဲ့ မဟာမိတ် ၈ နိုင်ငံ အပေါ် အခွန်တိုးမြှင့်မယ်လို့ ခြိမ်းခြောက်လိုက်ပြီးနောက် ဥရောပသမဂ္ဂ (EU) သံအမတ်ကြီး တွေဟာ ဒီနေ့နှောင်းပိုင်းမှာ အရေးပေါ် အစည်းအဝေးတစ်ခု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ ယူကေ၊ နယ်သာလန်နဲ့ ဖင်လန်နိုင်ငံတွေက လာတဲ့ ကုန်ပစ္စည်းတွေ အပေါ် ၁၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ဖို့ စီစဉ်ထားပြီး နောက်ပိုင်းမှာ ၂၅ ရာခိုင်နှုန်း အထိ တိုးမြှင့်သွားနိုင်တယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ ကတော့ အမေရိကန် သမ္မတနဲ့ သူတို့ကြားက ဆက်ဆံရေး တင်းမာ လာနေချိန်မှာ ထရမ့်ရဲ့ အစီအစဉ်ဟာ “လုံးဝ မှားယွင်းနေတယ်” လို့ တုန့်ပြန် ပြောဆိုလိုက် ပါတယ်။

တဘက်မှာလည်း ထရမ့်ရဲ့ အစီအစဉ်တွေကို ဆန့်ကျင်တဲ့ အနေနဲ့ ဂရင်းလန်းနဲ့ ဒိန်းမတ် နိုင်ငံတွေမှာ လူပေါင်း ထောင်နဲ့ချီပြီး ဆန္ဒပြနေကြပါတယ်။

မဟာမိတ် အီးယူ ၈ နိုင်ငံအပေါ် အခွန်တိုးမြှင့်မယ့် ထရမ့်ရဲ့ ဖေါ်ပြချက်

———————————

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ ယူကေ၊ နယ်သာလန်နဲ့ ဖင်လန်နိုင်ငံတို့ကနေ အမေရိကန်ကို တင်ပို့တဲ့ “မည်သည့်ကုန်ပစ္စည်းမဆို” ၁၀ ရာခိုင်နှုန်း အကောက်ခွန် စည်းကြပ်သွားမှာဖြစ်ပြီး ဇွန်လ ၁ ရက်နေ့မှာတော့ အဲ့ဒီ အကောက်ခွန်ကို ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။

ဒီသွင်းကုန်ခွန် အသစ်တွေကို “ဂရင်းလန်းကျွန်းကို အပြီးအပိုင် ဝယ်ယူဖို့အတွက် သဘောတူညီချက် မရမချင်း” ပေးဆောင်ရမှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ဒိန်းမတ်၊ ဥရောပသမဂ္ဂနဲ့ တခြားနိုင်ငံတွေကို “နှစ်ပေါင်းများစွာ ကြာအောင်” ငွေကြေးထောက်ပံ့ပေးခဲ့တာ ဖြစ်ပြီး အခု “ဒိန်းမတ်နိုင်ငံအနေနဲ့ ပြန်လည် ပေးဆပ်ရမယ့် အချိန်ဖြစ်တယ်” လို့ ထရမ့်က ပြောပါတယ်။

“ကမ္ဘာ့ငြိမ်းချမ်းရေးဟာ အန္တရာယ်ရှိနေပြီ၊ တရုတ်နဲ့ ရုရှားက ဂရင်းလန်းကို လိုချင်နေကြပြီး ဒိန်းမတ်အနေနဲ့ ဒါကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး” လို့ သူကပြောပြီး အမေရိကန်ကလွဲလို့ တခြားဘယ်သူမှ “ဒီကစားပွဲမှာ မပါဝင်နိုင်ဘူး” လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ ယူကေ၊ နယ်သာလန်နဲ့ ဖင်လန်နိုင်ငံတို့ဟာ “ဘာ မှန်းမသိတဲ့ ရည်ရွယ်ချက်တွေနဲ့ ဂရင်းလန်းကို သွားရောက်ခဲ့ကြတာ ဖြစ်ပြီး” “အလွန် အန္တရာယ်များတဲ့ ကစားပွဲ” ကစားနေကြတာ ဖြစ်ပါတယ်။

“ဒီလို အန္တရာယ်ရှိနိုင်တဲ့ အခြေအနေကို မေးခွန်းထုတ်စရာမလိုဘဲ အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ အတွက်” “ပြင်းထန်တဲ့ အစီအမံတွေ” ကို လုပ်ဆောင်ရမယ်လို့ ထရမ့်က ထပ်လောင်းပြောကြားခဲ့ ပါတယ်။

“ရွှေရောင်ကွန်ခြာ” (Golden Dome) လို့ခေါ်တဲ့ ကာကွယ်ရေးစနစ် အကြောင်းကိုလည်း ထရမ့်က ထည့်သွင်းပြော ဆိုခဲ့ပြီး “တကယ်လို့ ဒီနယ်မြေ (ဂရင်းလန်း) သာ ပါမယ်ဆိုရင် အဲ့ဒီ ကာကွယ်ရေး စနစ်ဟာ အမြင့်ဆုံး စွမ်းဆောင်ရည်နဲ့ ထိရောက်မှုရှိရှိ အလုပ်လုပ်နိုင်မှာ ဖြစ်တယ်” လို့ ဆိုပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *