အင်္ဂလန ၄-၂ ခရိုအေးရှား
ဇွန် ၁၇ – ၂၀၂၆
ပရိသတ်တွေ သွေးခုန်နှုန်း အမြန်ဆုံးဖြစ်ခဲ့ရတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အင်္ဂလန် နဲ့ ခရိုအေးရှား ပွဲစဉ် မှာတော့ အင်္ဂလန်အသင်းဟာ သူတို့ရဲ့ ထက်မြက်လှတဲ့ တိုက်စစ်စွမ်းရည်ကို ပြသပြီး ခရိုအေးရှား အသင်းကို ၄-၂ ဆိုတဲ့ ပြတ်သားတဲ့ ရလဒ်နဲ့ ဖြိုခွင်းသွားခဲ့ပါပြီ။
–
#ဝိန်းရူနီ အမြင် – “ပွဲကို တကယ် သဘောကျမိပါတယ်။ ပေးလိုက်ရတဲ့ ဂိုးနှစ်ဂိုး အတွက် ဒီထက်ပိုကောင်းအောင် လုပ်နိုင်ခဲ့ရင် ပိုကောင်းပေမဲ့… အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပြီး ခရိုအေးရှားကို အကျပ်ရိုက်အောင် လုပ်နိုင်ခဲ့တာမို့… ကျွန်တော် မြင်ဖူး သမျှ အဖွင့်ပွဲစဉ်တွေ ထဲမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပွဲတစ်ပွဲပါပဲ” လို့ ချီးကျူးသွားပါတယ်။
–
#ပေါလ် ရော်ဘင်ဆင် ကလည်း – တိုက်စစ်ပိုင်း ကစားကွက် တွေဟာ အလွန်ကောင်းမွန်ခဲ့ကြောင်းနဲ့ နည်းပြ Thomas Tuchel အနေနဲ့ လူဦးရေ ၁၁ ယောက်ကို ကစားကွက်လှည့်ပတ်ပုံ၊ လူစားလဲ ကစားသမားတွေကို အချိန်ကိုက်သုံးပြီး သက်ရောက်မှု ရှိစေခဲ့ပုံတွေကို ထောက်ပြသွား ပါတယ်။
–
#Lee Dixon ကတော့ – “ပထမပိုင်းမှာတော့ ကစားပုံ နည်းနည်း ရုန်းကန် ခဲ့ရပေမဲ့ ဒုတိယပိုင်း မှာတော့ တောက်ပလာခဲ့ပါတယ်။ အဲဒီ ရှေ့တန်း တိုက်စစ် အစုအဖွဲ့ရဲ့ ပါရမီနဲ့ ကွင်းလယ် ကနေ အရှိန်အဟုန်နဲ့ ဆွဲထွက် တာတွေကြောင့် ၄ ဂိုး အထိ သွင်းနိုင်ခဲ့တာပါ” လို့ ဆိုပါတယ်။
–
တိုက်စစ်မှူး ဟာရီကိန်းဟာ ဒီပွဲမှာ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့ ပါတယ်။
ဒါတင်မကသေးဘဲ ပွဲပြီးခါနီး နာကျင်အချိန်ပို ၉၅ မိနစ်မှာ ခရိုအေးရှား အသင်း ထောင့်ကန် ကနေ တဆင့် ဂိုးသွင်းဖို့ သေချာသလောက် ဖြစ်နေတဲ့ Gvardiol ရဲ့ ကန်ချက်ကို ဟာရီကိန်းက ဂိုးစည်းနား ကနေ ခန္ဓာကိုယ်နဲ့ ပစ်လှဲပြီးကို ကာကွယ် သွားခဲ့ပါတယ်။
ဒါကို အလန်ရှီးယား က “တကယ့်ကို ပြောင်မြောက်တဲ့ ပိတ်ဆို့မှုပါ၊ ဟာရီကိန်းက သေချာပေါက် ဂိုးဝင်တော့မယ့် အရာကို အစွမ်းကုန် ပစ်လှဲပြီး တားဆီးသွားခဲ့တာ” လို့ ချီးကျူးခဲ့သလို၊ သတင်းထောက် ဂျွန်မာရေး ကလည်း “ဟာရီကိန်းကြီး တယောက် ကိုယ့်ဂိုး ဧရိယာထဲ အထိ ဆင်းပြီး ကိတ်ဗာဒီ နောက်တန်းလူ တယောက်လိုကို ကာကွယ် သွားတာ” လို့ ဟာသ နှောပြီး အမွမ်းတင်ခဲ့ပါတယ်။
ပွဲစဉ်တစ်ခုလုံးမှာ အကောင်းမြင်စရာတွေ အများကြီးရှိခဲ့ပေမဲ့ နိုင်ငံ တကာ သုံးသပ်သူတွေ ထောက်ပြတာကတော့ “ခံစစ်ပိုင်း” အားနည်းချက်ပဲ ဖြစ်ပါတယ်။
ပေါလ် ရော်ဘင်ဆင်က အင်္ဂလန်အနေနဲ့ အရှေ့ပိုင်း ကစားကွက်တွေမှာ အလွန်ကောင်းမွန် ခဲ့ပေမဲ့ နည်းပြ သောမတ်စ် တူချယ် အတွက် တခုတည်းသော ခေါင်းခဲစရာ ပြဿနာကတော့ “ခံစစ်ပိုင်း” ဖြစ်လိမ့်မယ် လို့ သတိပေးထားပါတယ်။
ဝါရင့်တိုက်စစ်မှူး အလန်ရှီးယား ပြောသလိုပဲ ဖိအားတွေကြားထဲ ကနေ ကြံ့ကြံ့ခံပြီး အနိုင်ရခဲ့တဲ့ အင်္ဂလန်အတွက် “အလွန်ကောင်းမွန်တဲ့ ညတည” ဖြစ်ခဲ့ပါတယ်။
အာဂျင်တီးနားတို့၊ ပြင်သစ်တို့ ပြောင်မြောက်တဲ့ ခြေစွမ်းတွေ ပြသ ထားကြ ပေမဲ့လည်း ဒီပြိုင်ပွဲကြီးဟာ ရှုံးထွက်အဆင့် ရောက်မှ တကယ်စမှာ ဖြစ်လို့၊ အင်္ဂလန် အနေနဲ့ လက်ရှိ အချိန်မှာ အရှိန်အဟုန် ကို ကောင်းကောင်း တည်ဆောက်သွားဖို့ပဲ လိုအပ်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဒီ ၄-၂ ဆိုတဲ့ ရလဒ်ဟာ အင်္ဂလန်အသင်း အနေနဲ့ ဒီနှစ် ကမ္ဘာ့ဖလားမှာ ဘာကြောင့် ချန်ပီယံဖြစ်ဖို့ ရေပန်းစား နေလဲ ဆိုတာကို ပြတ်ပြတ် သားသား သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။
—————————
THN Public Media
