ဇွန် ၁၇ – ၂၀၂၆
လာမယ့် သောကြာနေ့ ဆွစ်ဇာလန်နိုင်ငံမှာ တရားဝင် လက်မှတ်ရေးထိုးဖို့ ရှိတဲ့ အီရန်နဲ့ သဘောတူညီချက်ဟာ “အပြီးသတ် အတည်ဖြစ်သွားတာ မဟုတ်သေးဘူး” လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သတိပေး လိုက် ပါတယ်။
တကယ်လို့ ဒီသဘောတူညီချက်က အဆင်မပြေဘဲ ပျက်ပြားသွားမယ် ဆိုရင် အမေရိကန်အနေနဲ့ တိုက်ခိုက်မှုတွေ ပြန်စနိုင်တယ်လို့ ထရမ့်က ပြောပါတယ်။
“တကယ်လို့ သူတို့ဘက်က မလိမ္မာဘူး ဆိုရင်တော့ ကျွန်တော်တို့က သူတို့ ခေါင်းပေါ်ကို ဗုံးတွေ ကွက်တိ ပြန်ချပစ်မှာပဲ၊ ဟုတ်ပြီလား?” လို့ ပြောခဲ့ တာပါ။
အမေရိကန်နဲ့ အီရန်ကြား ရရှိထားတဲ့ သဘောတူညီချက်ရဲ့ စာသားတွေကို အသေးစိတ် ထုတ်မပြသေးပေမဲ့ ထွက်ပေါ်လာတဲ့ သတင်းတွေ အရ ဒီထဲမှာ အီရန်အပေါ် ချမှတ်ထားတဲ့ ရေနံပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးဖို့ ပါဝင်တယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတဟာ ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ G7 ထိပ်သီး အစည်း အဝေး ရဲ့ နောက်ဆုံးနေ့မှာ အခုလို ပြောကြားခဲ့တာဖြစ်ပြီး၊ ထရမ့်နဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်တို့ အပါအဝင် တခြားခေါင်းဆောင် တွေရဲ့ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ ရှိပါတယ်။
အစောပိုင်းတုန်းကလည်း G7 ခေါင်းဆောင်တွေက အခု အီရန်နဲ့ရထားတဲ့ သဘောတူညီချက်ရဲ့ နောက်ဆက်တွဲ အဖြစ် ပိုမိုခိုင်မာ အားကောင်းတဲ့ Robust စာချုပ်မျိုး ထပ်မံချုပ်ဆိုကြဖို့ တောင်းဆိုထားကြပါတယ်။
တဘက်မှာလည်း CBS News သတင်းဌာနကို အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ် ပြောကြားချက်အရ အမေရိကန်-အီရန် သဘောတူညီချက် စာသား အပြည့်အစုံကို “နောက်အကျဆုံး သောကြာနေ့” မှာ ထုတ်ပြန် ပေးသွားမယ်လို့ သိရပါတယ်။
ကြားဝင်စေ့စပ်ပေးနေတဲ့ ကာတာနဲ့ ပါကစ္စတန် ညှိနှိုင်းရေးမှူးတွေ ဘက်ကတော့ သဘောတူညီချက် စာသားအပြည့်အစုံ ထုတ်ပြန်တာကို “ခဏလောက် ဆိုင်းငံ့ပေးထားဖို့” အမေရိကန်ကို တောင်းဆိုထားတာပါ။
“ကျွန်တော်တို့ဘက် ကတော့ အမေရိကန်ပြည်သူတွေကို ဒီသဘောတူညီချက် ထဲမှာ ဘာတွေပါလဲဆိုတာ ချပြချင်တာမို့… ဒီနေ့ပဲ အမြန်ဆုံး ထုတ်ပြန်ပေး နိုင်အောင် သူတို့ကို တိုက်တွန်းနေပါတယ်” လို့ ဗန့်စ်က ဆိုပါတယ်။
ဒီသဘောတူညီချက်ထဲမှာ အီရန်နိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာဘီလီယံ ၃၀၀ ရန်ပုံငွေ ပါဝင်တယ် ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒုသမ္မတက “အီရန်အနေနဲ့ ကမ္ဘာကြီး အပေါ် ဆက်ဆံတဲ့ သူတို့ရဲ့ အပြုအမူတွေကို အခြေခံက အစ မပြောင်းလဲ သရွေ့တော့… ဒီအရာတွေထဲက တခုမှ အီရန်လက်ထဲ ရောက်သွားမှာ မဟုတ်ပါဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
—————————
THN Public Media
