မြန်မာစစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက လက်ရှိ ဂျပန်ဝန်ကြီးချုပ် ဆာနာအေ တာကာအီချီ ဟာ သမိုင်းသင်ခန်းစာတွေကို လေ့လာ သင်ယူ ထားမှု မရှိကြောင်းနဲ့ ဂျပန်နိုင်ငံရဲ့ အာရှမှာ ကျူးလွန်ခဲ့မှုတွေ အတွက် တာကာအီချီဟာ နောင်တတရား မရှိသလို တာဝန်ယူမှုလည်း မရှိကြောင်း ပြောကြားလိုက်ပါတယ်။
ဂျပန်ဝန်ကြီးချုပ်က မကြာသေးခင်က တိုင်ဝမ် အရေးနဲ့ ပတ်သက်ပြီး ဂျပန်က စုပေါင်း ကာကွယ်နိုင်တဲ့ သဘောထားမျိုး ပြောဆိုလိုက်တာနဲ့ ပတ်သက်ပြီး ဆင်ဟွာသတင်းဌာန က ဗိုလ်ချုပ်ဇော်မင်းထွန်းကို နိုဝင်ဘာ ၂၂ ရက်နေ့က မေးမြန်းရာမှာ သူက အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။
ဒီသတင်းကို ရန်ကုန် တရုတ်သံရုံးရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်ပြောရာမှာ မြန်မာအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေဟာ ဂျပန် ဖက်ဆစ်ဝါဒရဲ့ ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ကြရတယ်လို့ ဆိုပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရဲ့ ပြောကြားချက်ဟာ “One China Policy” မူဝါဒကို ချိုးဖောက်နေပြီး “ထိုင်ဝမ်လွတ်လပ်ရေး” ခွဲထွက်ရေး အင်အားစုတို့ကို အားပေးလှုံ့ဆော်နေတယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံကတော့ “One China Policy” မူဝါဒကို အမြဲတမ်း ခိုင်ခိုင်မာမာ ကိုင်စွဲထားကြောင်း၊ ထိုင်ဝမ်ပြည်နယ် ဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကနေ ခွဲထွက်လို့ မရတဲ့ အစိတ်အပိုင်း တခု ဖြစ်ကြောင်း၊ ထိုင်ဝမ် ပြဿနာဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စဖြစ်ပြီး ဘယ်လို ပြည်ပ အင်အားစု ပဲဖြစ်ဖြစ် ဝင်ရောက်စွက်ဖက်တာကို မြန်မာနိုင်ငံအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသွားခဲ့ပါတယ်။
—————————
THN Public Media
