ဖေဖော်ဝါရီ ၁၁ – ၂၀၂၆
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် မန္တလေး အောင်မြေသာစံမြို့နယ်က ၁၁ ထပ်အမြင့်ရှိတဲ့ Sky Villa ကွန်ဒိုဟာ ပြိုကျခဲ့ပြီး လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရတဲ့ အတွက် ဒီ ကွန်ဒို တည်ဆောက်ခဲ့သူ NTL ကုမ္ပဏီပိုင်ရှင် ကိုနိုင်ထွန်းလင်းကို ပုဒ်မ ၃၀၄ ( က) နဲ့ အမှုဖွင့် အရေးယူလိုက်ပြီလို့ သိရပါတယ်။
” စသုံးလုံး ( စစစ) က တိုက်ရိုက်ကိုင်တာ ။ တရားခံကိုလည်း အမှုစွဲတင် လိုက်ပြီ။ ပုဒ်မ ၃၀၄ ( က) နဲ့။ လုပ်ငန်းခွင် ပေါ့လျော့လို့ လူသေစေမှုနဲ့ စွဲတင် လိုက်တာ။ အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်တာ ။ ” လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
ငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒို အဆောက်အုံထဲ ကနေ အသက်ရှင်ရက် ကယ်ထုတ်နိုင်သူ ၅၂ ယောက်သာ ရှိခဲ့ပြီး သေဆုံးသူ ရုပ်အလောင်း အနေနဲ့ ၂၀၆ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
သေဆုံးသူ ၂၀၆ယောက်ထဲကနေမှ ဆက်သွယ်လို့ရတဲ့ ကျန်ရစ်သူမိသားစုတွေကို သေဆုံးသူ တယောက်ချင်းစီ အတွက် သိန်း(၁၀၀) ကျပ်ကို Sky Villa ကို တာဝန်ယူရတဲ့ NTL ကုမ္ပဏီက ထောက်ပံ့ပေးခဲ့ပါတယ်။
SKY Villa အဆောက်အဦဟာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀ ၊ ၂၂ လမ်း နဲ့ ၂၃ လမ်းကြား ရေစစ်ကန် အနီးမှာ တည်ရှိတာ ဖြစ်ပြီး Sky villa ကွန်ဒို အဆောက်အဦကို ၂၀၁၇ အကုန် ၂၀၁၈ အစပိုင်းမှာ NTL Construction Company တာဝန်ယူ ဆောက်လုပ် ပြီးစီးခဲ့တယ်လို့ သိရပြီး စတင် ဆောက်လုပ်ခဲ့တဲ့ ခုနှစ်ကိုတော့ ဖော်ပြထားတာမတွေ့ရပါ။
ကွန်ဒိုစတင်ပြီးစီးတဲ့ အချိန်မှာပဲ လူနေထိုင်မှုတွေရှိခဲ့ပြီး ကွန်ဒိုတခန်းရဲ့ တန်ကြေးကတော့ သိန်း ၆၅၀၀ အထက်မှာရှိတယ်လို့ ကွန်ဒိုအခန်းတွေ ရောင်းချမှု ဝန်ဆောင်မှုပေးနေတဲ့ အကျိုးတော်ဆောင်တွေရဲ့ လူမှု ကွန်ယက် စာမျက်နှာမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။
ထောက်ပံ့ငွေပေးအပ်ပွဲမှာတွေ့ရတဲ့ တိုက်ခန်းပိုင်ရှင်တွေက အခန်းပြန်ဆောက်ပေးပြီး အချိုးကျထည့်ရမှာကို မလိုလားဘဲ ဝယ်ယူထားတဲ့တန်ဖိုးတွေကို ပြန်လည် ရယူလိုတယ်လို့ ပြောခဲ့ဘူးပါတယ်။
ဓာတ်ပုံ – CJ
Crd – VOM
—————————
THN Public Media
