ဖေဖော်ဝါရီ ၁၃ – ၂၀၂၆
မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးခင်စိုးနဲ့ အတွင်းရေးမှူးဟောင်း ဦးဝင်းမြင့်တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ခေါ်ယူစစ်ဆေး မေးမြန်းနေတယ်လို့ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးပတ်လောက် ကတည်းက စပြီး နေပြည်တော်မှာ ခေါ်ယူ မေးမြန်းခံနေရတာ ဖြစ်တယ်လို့သိရပြီး အကြောင်းရင်းကတော့ ဒေါ်လာရောင်းဝယ်ရေး လုပ်ငန်းနဲ့ အဓိက ဆက်စပ်တယ်လို့ လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
“ကျွန်တော်တို့ ကြားတာတော့ စက်သုံးဆီကိစ္စနဲ့ ပတ်သက်လို့ ခေါ်စစ် တာတော့ မဟုတ်ဘူးလို့ ကြားထားပါတယ်။ အဓိက က ဒေါ်လာကြောင့် ပေါ့။ စက်သုံးဆီသွင်းဖို့ အတွက် အစိုးရဈေးနဲ့ ထုတ်ပေးထားတဲ့ ဒေါ်လာ တွေကို ပြင်ပပေါက်ဈေးနဲ့ အရောင်းအဝယ် လုပ်နေလို့ စစ်ဆေးခံနေရတာ လို့ သိရပါတယ်။ ဖမ်းလိုက်ပြီလို့လည်း ပြောနေကြတယ်။ သေချာတော့ မသိသေးဘူး” လို့ သူက ပြောပါတယ်။
လက်ရှိမှာ စက်သုံးဆီအသင်း ဥက္ကဋ္ဌနေရာနဲ့ အတွင်းရေးမှူး နေရာအတွက် New Day စက်သုံးဆီ လုပ်ငန်းu ဦးမျိုးမြင့်ဆွေနဲ့ Max ကုမ္ပဏီက ဒေါ်နုနုဝေ တို့ကို ရွေးချယ် တင်မြှောက်ထားတယ်လို့ သိရပါတယ်။
စက်သုံးဆီအသင်း ဥက္ကဋ္ဌဟောင်း ဦးခင်စိုးဟာ APEX Terminal ပိုင်ရှင်လည်း ဖြစ်သလို အဏ္ဏဝါလွှမ်း ကုမ္ပဏီနဲ့ ထားဝယ်အများပိုင် ကုမ္ပဏီ (DDPC) ဥက္ကဋ္ဌလည်း ဖြစ်တယ်လို့ သိရပါတယ်။
ဦးခင်စိုးဟာ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာ ရုံးစိုက်ပြီး ပင်လယ် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူ ဖြစ်ကာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံတော်ပိုင် စက်သုံးဆီ အရောင်းဆိုင် အများအပြားကို လုပ်ကိုင်ခွင့်ရခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
စက်သုံးဆီအသင်း အတွင်းရေးမှူးဟောင်း ဒေါက်တာဝင်းမြင့် ကတော့ မြတ်မေတ္တာမွန် စက်သုံးဆီ ကုမ္ပဏီကို အဓိက လုပ်ကိုင်နေသူဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမတ်ဟောင်း တယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။
crd – VOM
—————————
THN Public Media
