ဇွန် ၂၀ – ၂၀၂၆
စစ်ကိုင်းတိုင်း၊ ကလေး – တမူးလမ်းပေါ်က ခါမ်းပါတ်မြို့ကို ဒီကနေ့ ဇွန် ၂၀ ရက်မှာ စစ်တပ် က ပြန်လည်ထိန်းချုပ်လိုက်ပြီ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
ခါမ်းပါတ်မြို့ကို ပြန်ရဖို့ အတွက် ဇွန်လ ၇ ရက်နေ့ကစပြီး စစ်တပ်က တမူး၊ ကလေးနဲ့ မော်လိုက်မြို့တွေ ကနေ စစ်ကြောင်းသုံးခု ခွဲကာ အင်အား အများအပြားနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ၁၄ ရက် အကြာမှာတော့ ခါမ်းပါတ်မြို့ကို ပြန်လည်ထိန်းချုပ် နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ်သွား ရောက်စဥ်မှာ နယ်စပ် ကုန်သွယ်ရေး ပြန်လည် ဖွင့်လှစ်ရေး အပါအဝင် အိန္ဒိယ – မြန်မာ – ထိုင်း သုံးနိုင်ငံ မဟာဗျူဟာမြောက် ကုန်သွယ်ရေး လမ်းမကြီး စီမံကိန်း အကောင် အထည်ဖော် ရေး ဆွေးနွေးသဘောတူညီခဲ့တာပါ။
အဲဒီနောက်မှာ အိန္ဒိယ – မြန်မာ ကုန်သွယ်ရေး လမ်းကြောင်း တခုဖြစ်တဲ့ တမူး-ကလေး ကုန်သွယ်ရေး လမ်းကို ထိန်းချုပ်နိုင်ပြီး အမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့ အတွက် စစ်တပ်က ထိုးစစ် ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ကလေး – တမူးလမ်းပိုင်းပွင့်ပါက အိန္ဒိယ – မြန်မာနယ်စပ် ကုန်သွယ်ရေး ကတော့ ပြန်လည် စတင် လာနိုင်မှာဖြစ် ပေမယ့် ချက်ခြင်း အကောင်ထည်နိုင်ဖို့ မလွယ်ကြောင်း အချိန် တခုတော့ ကြာနိုင်တယ်လို့ ဒေသခံ ကုန်သည်တချို့က သုံးသပ်ပြောပါတယ်။
” နယ်စပ်ကုန်သွယ်ရေး ပြန်စဖို့ဆိုတာ လုပ်ငန်းစဉ်တွေ အများကြီးရှိသေးတယ် ။ချက်ချင်းကြီးတော့ ဖြစ်မလာနိုင်သေးဘူးလို့ ထင်ပါတယ် ။ လမ်းကြောင်း အနေနဲ့ကတော့ အရင်ပွင့်နိုင်ပါတယ်။ ကလေး – တမူးလမ်း ပွင့်သွားရင် ကုန်ပစ္စည်းတွေ ဖြောင့်ဖြောင့်တန်းတန်း ရောက်လာမယ်။ ဒေသခံတွေ ကျန်းမာရေး ကိစ္စတွေ သွားရလာရ အဆင်ပြေလာမယ်။ အခုဟာက တမူးက နေ ကလေးမြို့ ကျန်းမာရေး ကိစ္စ ဆေးရုံ ဆေးခန်းသွားဖို့တောင် မလွယ်ဘူး ။”လို့ ပြောပါတယ်။
ခါမ်းပါတ်မြို့ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလပိုင်းမှာ NUG တပ်တွေက ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
Crd – VOM
—————————
THN Public Media
