မြန်မာနိုင်ငံဟာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကို မြှင့်တင်ဖို့ အတွက် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ရုရှားနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေ အပါအဝင် ဒေသတွင်းက မိတ်ဖက်နိုင်ငံတွေနဲ့ စွမ်းအင်ကဏ္ဍမှာ ပိုမို ပူးပေါင်း ဆောင်ရွက် နေတယ်လို့ စစ်ကော်မရှင် စွမ်းအင်ဝန်ကြီးဌာနက ပြောပါ တယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကော်မရှင် စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်နဲ့ တရုတ်သံအမတ်ကြီး မစ္စ မာကျားနဲ့ တွေ့ဆုံစဥ်မှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မြန်မာနဲ့ ထိုင်းနိုင်ငံ တို့ဟာ ဧရာဝတီတိုင်းနဲ့ မုတ္တမ ပင်လယ်ကွေ့ အပြင် ကမ်းလွန် လုပ်ကွက်တွေမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းတွေကို အတူတူ ရင်းနှီးမြှုပ်နှံနေကြတာပါ။
တစ်ဘက်မှာလည်း အိန္ဒိယနိုင်ငံက ဒေသတွင်း စွမ်းအင်မဟာဗျူဟာ အရ ကပ္ပလီကျွန်းစု (Andaman Islands) နဲ့ နီးကပ်တဲ့ နေရာတွေမှာ စူးစမ်း ရှာဖွေတာနဲ့ တူးဖော် တာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒီအတွက် မြန်မာနဲ့ တရုတ်နိုင်ငံ အကြားမှာလည်း ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းတွေ ပိုပြီးတိုးချဲ့ လုပ်ကိုင်ဖို့၊ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ အကြား သဘောတူညီထားတဲ့ စွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုတွေ မြှင့်တင်ပြီး ပိုမို ရင်းနှီးမြှုပ်နှံနိုင်ရေး အချိန်အခါကောင်း ဖြစ်ကြောင်း ဦးကိုကိုလွင်က ပြောကြားခဲ့တာပါ။
အဓိက ကတော့ တရုတ်ကုမ္ပဏီတွေ ဆီက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ခေတ်မီ နည်းပညာတွေကို ရယူပြီး ကမ်းလွန် လုပ်ကွက်တွေ ကနေ ဓာတ်ငွေ့ ထုတ်လုပ်မှုကို အရှိန်မြှင့်တင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်း တရုတ်နဲ့ ထိုင်းနိုင်ငံတွေမှာလည်း သဘာဝဓာတ်ငွေ့ လိုအပ်ချက်က ပိုမြင့်တက်လာတာကြောင့် ပြည်တွင်းသုံးနဲ့ ပြည်ပတင်ပို့မှု အတွက် အခုလို ထုတ်လုပ်မှု တိုးဖို့ ကြိုးစားနေတာပါ။
ဒါ့အပြင် တရုတ်-မြန်မာ ရေနံပိုက်လိုင်း ကနေ လာတဲ့ ရေနံစိမ်းတွေကို သုံးပြီး ရေနံချက် စက်ရုံအသစ် တည်ဆောက်ဖို့နဲ့ ဟောင်းနွမ်းနေတဲ့ ဓာတ်မြေ ဩဇာစက်ရုံတွေကို အဆင့်မြှင့်တင်ဖို့ပါ နှစ်နိုင်ငံ အကြား ဆွေးနွေး ထားကြပါတယ်။
စွမ်းအင်ဝန်ကြီးဌာနရဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက် ကတော့ နိုင်ငံတကာနဲ့ ပူးပေါင်းပြီး စွမ်းအင် အခြေခံ အဆောက်အအုံတွေကို ခေတ်မီအောင် လုပ်ဖို့နဲ့ ဒေသတွင်း စွမ်းအင်ဈေးကွက်မှာ နေရာရလာဖို့ ဖြစ်ပါတယ်။
လေ့လာဆန်းစစ်သူတွေ ကတော့ မြန်မာနိုင်ငံဟာ လက်ရှိ နိုင်ငံရေးနဲ့ စီးပွားရေး အခက်အခဲတွေ ရှိနေပေမဲ့ ကမ်းလွန် သယံဇာတတွေကို အသုံးချပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုရအောင် ကြိုးစားနေတာလို့ သုံးသပ်ထားပါတယ်။
—————————
THN Public Media
