စစ်ကော်မရှင်က ဒီဇင်ဘာ ၂၈ ကျင်းပဖို့ စီစဥ်ထားတဲ့ ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးမှုတွေ ဒီကနေ့ စတင်လိုက်ပြီ ဖြစ်ပြီး မဲဆွယ်ကာလ ဟာ ဒီဇင်ဘာ ၂၆ ရက်နေ့ အထိလို့ သိရပါတယ်။
စစ်တပ်ရဲ့ proxy ပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုး ပါတီကတော့ နေပြည်တော် ပါတီ ဌာနချုပ်မှာ အောင်နိုင်ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ပြီး ပါတီ ဥက္ကဌ ဦးခင်ရီ တက်ရောက်ဖွင့်လှစ် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ဒီမိုကရေစီ စနစ် ဖေါ်ဆောင်ရာမှာ ရွေးကောက်ပွဲ ဟာ မဖြစ်မနေ ဖြတ်သန်းမရာမှာ ဖြစ် အခု ရွေးကောက်ပွဲကို နိုင်ငံတကာ အသိသက်သေ ရှေ့မှောက်မှာ ကျင်းပမှာ ဖြစ်လို့ တရားဝင်မှု legitimacy ရှိစေမှာ ဖြစ်တယ် လို့ ဦးခင်ရီ က ပြောကြားသွားခဲ့ပါတယ်။
ဒါပေမယ့်လည်း ရွေးကောက်ပွဲ မလုပ်ခင် ကတည်းက ပြည်ခိုင်ဖြိုးပါတီက အမတ်နေရာ ၂၆ နေရာ အနိုင်ရရှိနေပြီ ဖြစ်ပါတယ်။
အကြောင်းကတော့ အဲဒီ အမှတ်နေရာ ၂၆ နေရာမှာ တခြားပါတီတွေက အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်မယှဥ်ပြိုင်နိုင်တာကြောင့် ပြည်ခိုင်ဖြိုး တပါတီတည်း ဖြစ်ပြီး ရွေးကောက်ပွဲ ဥပဒေ အရ မဲပေးစရာ မလိုဘဲ အနိုင်ရရှိနေတာ ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကတော့ စစ်တပ်အာဏာသိမ်းပြီး ဒေါ်ဆောင်ဆန်းစုကြည် အပါအဝင် ပါတီခေါင်းဆောင်တွေ ဖမ်းဆီးခံထားရကာ စစ်ကောင်စီအောက် ပြန်ပြီး မှတ်ပုံမတင်တဲ့ အတွက် ပါတီ ပယ်ဖျက်ခံထားရပါတယ်။
အခုကျင်းပမယ့် စစ်ကော်မရှင် ရွေးကောက်ပွဲကို တော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေက ဒါဟာ အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်ပြီး အာဏာသိမ်း ထားတဲ့ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ လုပ်ခွင့် မရှိကြောင်းနဲ့ အများပြည်သူ အနေနဲ့ မဲမပေးဘဲ ဆန့်ကျင် ကြဖို့နဲ့ နိုင်ငံတကာ အနေနဲ့ အသိအမှတ် မပြုကြဖို့ ဆော်သြထားကြ ပါတယ်။
နိုင်ငံတကာ နဲ့ အာဆီယံ တို့ ကလည်း အားလုံးပါဝင် တဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့ တောင်းဆိုထားပြီး ရွေးကောက်ပွဲ မလုပ်ခင် နိုင်ငံရေး အရ တွေ့ဆုံညှိနှိုင်းမှုတွေ အရင်လုပ်ဖို့ တောင်းဆိုထားကြပါတယ်။
—————————
THN Public Media

–