THN Public Media Blog သတင်း နိုင်ငံရေး စစ်တွေနဲ့ ကျောက်ဖြူမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်၊ AA ထိုးစစ်ကြောင့် တောင်မော်ဦး ကာကင်းတခု သာကျန်
နိုင်ငံရေး

စစ်တွေနဲ့ ကျောက်ဖြူမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်၊ AA ထိုးစစ်ကြောင့် တောင်မော်ဦး ကာကင်းတခု သာကျန်

ဇွန် ၉-၂၀၂၆

ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်တွေမှာ စစ်တပ်နဲ့ AA တပ်တို့အကြား တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကျောက်ဖြူ – ရမ်းဗြဲလမ်းပိုင်းနဲ့ စနဲမြို့ အနီးက တောင်မော်ဦး ရေတပ်စခန်း အနီးတဝိုက်မှာ AA ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲတွေ အပြင်း အထန် ဖြစ်ပွား‌ နေပြီး စစ်တပ်ဘက်က ရေကြောင်း၊ လေကြောင်းတွေနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“တိုက်ပွဲက ကျောက်ဖြူဘက်မှာဆို လက်နက်ကြီး ပစ်ခတ်သံတွေ နေ့ရော၊ ညပါ ကြား‌နေရတာ။ ဆူညံနေတာ နေ့တိုင်းပဲ။ အခုရက်ပိုင်းထဲ အရင်ကထက် ပိုပြီး တိုက်ပွဲ ပြင်းထန်လာတယ်။ လေကြောင်းကလည်း တောက်လျှောက် လာနေတယ်။ AA က တောင်မော်ဦး ရေတပ်စခန်းကို သိမ်းဖို့ပြင်နေတာ။ အဲဒီရေတပ်စခန်းရဲ့ ကာကင်းတွေကို တခုပြီးတခု သိမ်းနေတာ။ အခုဆို တောင်မော်ဦးကို ရဖို့ ကာကင်းတခုပဲ ကျန်တော့တယ်” လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

တောင်မော်ဦးရေတပ် စခန်းရဲ့ ကာကင်းစခန်းတွေဖြစ်တဲ့ စံပယ်ရှောင်ကုန်း၊‌ ဒွေးချကုန်း၊ မျှော်ချောင်းကုန်းနဲ့ ရေနံသူကုန်းတို့ကို AA က ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း တိုက်ခိုက် သိမ်းပိုက်ထားတာဖြစ်ပြီး လက်ရှိမှာ နောက်ဆုံးလက်ကျန်ဖြစ်တဲ့၊ စစ်ရေးအရ မဟာဗျူဟာကျတဲ့ ရွာဟောင်းတောင် ဗျူဟာကုန်း စခန်းကို ဆက်လက် ထိုးစစ်ဆင် နေတယ်လို့ သိရပါတယ်။

အဲဒီလိုပဲ စစ်တွေမြို့နယ်ဘက်မှာလည်း မြို့အစပ်နဲ့ အဲဒီမြို့ အခြေစိုက် ရွှေမင်းဂံရေတပ်စခန်း၊ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ) အနီးမှာ စစ်ရေးအရှိန် မြင့်တက်နေပြီး စစ်တပ်က AA ရှိရာ နေရာတွေကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ သိရပါတယ်။

“မြို့အစွန်အဖျားနဲ့ မြို့နဲ့အနီးတဝိုက်မှာ တိုက်ပွဲတွေဖြစ်နေတာ။ AA က ဝိုင်းရံပိတ်ဆို့ပြီး တိုက်ခိုက်နေတဲ့ အနေအထားပေါ့။ အစိုးရတပ်က ကမ်းနားလမ်းနဲ့ ပွိုင့်ကမ်းခြေတလျှောက်မှာ ခံစစ်တွေ အခိုင်အမာ ပြင်ထားတယ်။ ရွှေမင်းဂံနဲ့ ဒကစ က အစိုးရတပ်ရဲ့ နောက်ဆုံးခံစစ်ပဲ။ ဒါတွေကိုသာ ပေးလိုက်ရရင် စစ်တွေကို လက်လွှတ်ရမယ့် အခြေအနေ ဆိုတော့ အစိုးရတပ်တွေဘက်ကလည်း ခံစစ်နဲ့ အပြင်းအထန် ကာကွယ် နေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

လက်ရှိမှာ စစ်တွေမြို့အနီးက တောကန်၊ ကျားမသောက်နဲ့ ကံ့ကော်ကျွန်း ကျေးရွာတွေဘက်မှာ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီး၊ ဒရုန်းတွေနဲ့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေလည်း ရှိနေသလို စစ်တွေမြို့ တောင်ဘက် ဘင်္ဂလားပင်လယ်ဝနဲ့ မြို့အရှေ့ဘက် ကုလားတန်မြစ်ဝက စစ်သင်္ဘောတွေကိုလည်း AA က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက် နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ AA က ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ထားတာမှာ လက်ရှိမှာ ၎င်းတို့အနေနဲ့ ရခိုင်တပြည်လုံးနီးပါး သိမ်းပိုက် ထိန်းချုပ်ထား နိုင်တဲ့ အနေအထားကို ရောက်ရှိနေပြီဖြစ်ပြီး ရာနှုန်းပြည့်အောင်မြင်ဖို့ လက်တကမ်းသာ လိုတော့တယ်လို့ အသိပေးထားပါတယ်။

AA အနေနဲ့ လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွမြို့အပြင် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်ကိုပါ သိမ်းပိုက်ထားတာ ဖြစ်ပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် အစရှိတဲ့ မြို့ သုံးမြို့သာ အစိုးရတပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာဖြစ်ပါတယ်။

လက်ရှိ ရခိုင်ပြည်အတွင်းမှာ မာန်အောင်မြို့ တမြို့သာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကျန်ရှိနေတာဖြစ်ပေမယ့် စစ်ရေးတင်းမာမှုတွေ ရှိနေပြီး စစ်တပ်က မြို့ပေါ်ရှိ အထင်ကရနေရာတွေနဲ့ စမုံတဲလေဆိပ်တို့မှာ စစ်အင်အား တိုးချဲ့ကာ နေရာယူထားတဲ့ အပြင် ရေကြောင်းကနေ စစ်သင်္ဘောတွေနဲ့ ကင်းလှည့်ခြင်း၊ လေကြောင်း ကင်းထောက်ခြင်းတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version