ပြည်တွင်း

စစ်တွေမြို့ ရွှေမင်းဂံရေတပ်အနီး တိုက်ပွဲ ပြင်းထန်၊ AA က အမြန်ရေယာဥ်တွေနဲ့ပါ တိုက်ခိုက်၊ မြို့နဲ့တမိုင်လောက်သာဝေး

မတ် ၄ – ၂၀၂၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ (မြောက်ဘက်)၊ ရွှေမင်းဂံကျေးရွာက အမှတ် (၃) ရေတပ်ဗျူဟာ အနီးဝန်းကျင်မှာ စစ်တပ်နဲ့ AA တို့ တိုက်ပွဲ ပြင်းထန် နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

AA တပ်ဖွဲ့တွေဟာ ရွှေမင်းဂံရေတပ် စခန်း အနီးတဝိုက်အပြင် ဝါဘို၊ တောကံ၊ ကျေးတော၊ ဂန့်ဂေါ်ကျွန်း၊ ဇော်မဒက် အစရှိတဲ့ ကျေးရွာတွေနဲ့ ပွိုင့်ကမ်းခြေ အနီးဝန်းကျင်က စစ်စခန်းတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ စတင်ကာ လက်ရှိ အချိန်အထိ ထိုးစစ်အရှိန်မြှင့်တင် တိုက်ခိုက် နေတာ ဖြစ်တယ်လို့ သိရပါတယ်။

“တိုက်ပွဲ ပြင်းထန်နေတာက ခုဆိုရင် ၁၀ ရက်ဝန်းကျင် ဖြစ်လာပြီပေါ့။ AA က ရွှေမင်းဂံ တဝိုက်ကို မြေပြင်ကလည်း တိုက်ခိုက်နေတယ်၊ ရေတပ် အမြန်ရေယာဥ်တွေ သုံးပြီးတော့လည်း ရေကြောင်း ကနေပါ ပိတ်ဆို့ တိုက်ခိုက်နေတယ်။ ဒါကြောင့် အစိုးတပ်ဘက်ကလည်း ခံစစ် အခိုင်အမာ ချပြီး ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံကနေ အပြင်းအထန် ခုခံနေတယ်။ တိုက်ပွဲတွေ ကတော့ တောက်လျှောက်ကို ဖြစ်နေတာ” လို့ သတင်း ရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဘက်က ရွှေမင်းဂံ အမှတ် (၃) ဗျူဟာ စစ်ရေယာဉ်စု တပ်ရင်း နေရာ အပါအဝင် စစ်တွေမြို့အတွင်း AA ဝင်ရောက်လာနိုင်မယ့် လမ်းကြောင်းတွေ ဖြစ်တဲ့ စစ်တွေ – ရန်ကုန် လမ်းမကြီးပေါ်က အမြင့်ကျွန်း တံတား တဘက်တချက်စီမှာ နေရာယူ အထိုင်ချထားသလို ပုဏ္ဏားကျွန်းမြို့နယ် အစပ်က နေရာအားလုံးမှာလည်း ရေတပ် စစ်သင်္ဘော တွေ၊ အထိုင်ခံစစ်တွေ အခိုင်အမာ ပြုလုပ်ထားတယ်လို့ သူက ပြောပါ တယ်။

လက်ရှိ စစ်တွေမြို့မှာ စစ်သင်္ဘော ၁၀ စီး အထက်ရှိပြီး ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ – စစ်တွေ)၊ ခလရ ခမရ တပ်တွေနဲ့ ရဲတပ်ရင်း အပါ အဝင် တပ်ရင်းတပ်ဖွဲ့ ၁၀ ခုထက် မနည်း ရှိနေသလို ဘင်္ဂလား ပင်လယ်အော် ထွက်ပေါက်ကိုလည်း ရေတပ် စစ်သင်္ဘောတွေက ထိန်းချုပ် ထားတယ်လို့ သိရပါတယ်။

“အခု အနေအထားအရ ဆိုရင်တော့ တိုက်ပွဲက မြို့နဲ့ တမိုင်လောက်ပဲ ဝေးတော့တယ်ပြောရမယ်။ လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ကျေးတောရွာဆို စစ်တွေမြို့ပေါ်နဲ့ဆို ဆတ်ရိုးကျချောင်းပဲ ခြားတော့တာလေ။ တောကံ၊ ဂန့်ဂေါ်ကျွန်း၊ ဇော်မဒက်ရွာတွေဆို ဒကစဌာနချုပ်၊ ရွှေမင်းဂံရေတပ်နဲ့ နှစ်မိုင်လောက်ပဲ ဝေးတော့တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

AA တပ်တွေဟာ မြို့တော် စစ်တွေကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကတည်းက စတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခု ၂၀၂၆ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာတော့ ထိုးစစ် အရှိန် မြှင့်တင်လာခြင်းဖြစ်ကာ တိုက်ပွဲအတွင်း ဇန်နဝါရီ ၉ ရက်က ဒကစ ကာကင်း စခန်းကြီး နှစ်ခုကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်တွေမြို့မှာ အိန္ဒိယနိုင်ငံရဲ့ ကုလားတန် ဘက်စုံစီမံကိန်းဆိပ်ကမ်း တည်ရှိနေတဲ့ အပြင် ရခိုင်ပြည်နယ် လွှတ်တော်လည်း တည်ရှိပြီး မကြာခင် လွှတ်တော် ခေါ်ယူတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ AA အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ မြို့နယ်ကို သိမ်းပိုက် ထားတာဖြစ်ပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့ သုံးမြို့သာ စစ်တပ်က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

လက်ကျန် သုံးမြို့နယ်ထဲက ကျောက်ဖြူမြို့နယ်မှာလည်း တိုက်ပွဲတွေ ပြင်းထန် နေတာဖြစ်ပြီး AA က အဲဒီမြို့ရဲ့ အနီးဝန်းကျင် အထိ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတာမှာ အမှတ် (၃၂) ရဲတပ်ရင်း၊ မြို့အနီးဝန်းကျင် အခြေစိုက် တပ်ရင်းတွေနဲ့ ဓညဝတီ ရေတပ်ဌာနချုပ် အနီးဝန်းကျင်တို့မှာ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *