Sport

စပိန်ကို သရေကစားသွားတဲ့ ကိတ်ဗာဒီ ဗျူဟာ နဲ့ အောင်ပွဲ

ATLANTA, GEORGIA – JUNE 15: Vozinha #1 of Cabo Verde embraces teammates after the 0-0 draw during the FIFA World Cup 2026 Group H match between Spain and Cabo Verde at Atlanta Stadium on June 15, 2026 in Atlanta, Georgia. (Photo by Patrick Smith – FIFA/FIFA via Getty Images

ဇွန် ၁၅ – ၂၀၂၆

ကမ္ဘာ့ဖလား ရေပန်းအစားဆုံး စပိန် အသင်းကြီးကို ကိတ်ဗာဒီလို ဒီနှစ်မှ ကမ္ဘာ့ဖလား ဝင်ခွင့်ရတဲ့ ကျွန်းစုနိုင်ငံငယ်လေးက ၀-၀ နဲ့ သရေ ကစားသွားတာဟာ လုံးဝ မဖြစ်နိုင်ဘူးလို့ တွက်ဆကြမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ကိတ်ဗာဒီ အတွက် အခုလို သမိုင်းဝင် သရေရလဒ်ရဲ့ သော့ချက်က ဘာဖြစ်မလဲ။

နည်းပြရဲ့ ညွှန်ကြားချက် အတိုင်း နောက်ခံလူတွေ၊ ကွင်းလယ်လူတွေ အားလုံး ဂိုးရှေ့မှာ နေရာ အလွတ် လုံးဝ မပေးဘဲ ကျောက်ဆောင်လို ခိုင်မာတဲ့ ခံစစ်ဗျူဟာ နဲ့ ကစားသွားတာ က တချက်ဖြစ်ပါတယ်။

စပိန် အသင်းကတော့ ပြိုင်ဘက်မှာ လွတ်နေတဲ့ အကွက်ကို ရှာပြီး ချဉ်းကပ်တဲ့ ကစားဟန်ဖြစ်ပြီး ဒီကစားကွက် ကို ကိတ်ဗာဒီ က ကောင်းကောင်း တားဆီးနိုင်ခဲ့တာပါ။

ဒါ့အပြင် ဂိုးသမား Vozinha ဗိုဇင်ညာ ရဲ့ သမိုင်းဝင် လက်စွမ်း ပြခဲ့ပြီး ဒီပွဲရဲ့ အကောင်းဆုံး ကစားသမား Man of the Match ကတော့ သေချာပေါက် ဂိုးသမားကြီး ဗိုဇင်ညာ ပါပဲ။

အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ ဝါရင့် ဂိုးသမားကြီးဟာ စပိန်အသင်းရဲ့ အန္တရာယ်ရှိတဲ့ ဂိုးကန်ချက် တွေကို အကြိမ်ကြိမ် ပုတ်ထုတ်ကာကွယ်ပြီး အသင်းကို အသက်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် လာပြိုင်ရတဲ့အသင်းပီပီ “ငါတို့မှာ ဆုံးရှုံးစရာ ဘာမှမရှိဘူး” ဆိုတဲ့ စိတ်ဓာတ်ခွန်အားနဲ့ မိနစ် ၉၀ စလုံး အသက်နဲ့လဲပြီး အပြေးအလွှား ဖျက်ထုတ် ကစားသွားခဲ့ကြတာပါ။

ပွဲအပြီးမှာ ကိတ်ဗာဒီ ဂိုးသမားကြီး ဗိုဇင်ညာ မျက်ရည်ကျခဲ့ ရတဲ့ အထိ ဒီ ၁ မှတ်ဟာ သူတို့ နိုင်ငံရဲ့ ဘောလုံးသမိုင်းမှာ ရွှေတံဆိပ်ဆု ရခဲ့ သလိုမျိုး တန်ဖိုးဖြတ် မရတဲ့ အောင်မြင်မှုပါ။

ဒီရလဒ်ကြောင့် ကိတ်ဗာဒီဟာ အုပ်စုအဆင့် ကနေ နောက်တဆင့် ကို တက်လှမ်း နိုင်ဖို့ မျှော်လင့်ချက် အများကြီး ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *