စပိန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အမြန်ရထား တိုက်မှုကြောင့် အနည်းဆုံး လူ ၃၉ ဦး သေဆုံးခဲ့ပါတယ်။
မက်ဒရစ်မြို့ကို ဦးတည်မောင်းနှင်နေတဲ့ ရထားတစင်းဟာ တနင်္ဂနွေနေ့က Adamuz အရပ်မှာ လမ်းချော်ပြီး တဘက် ရထားလမ်းဘက် ကျော်ဝင် သွားကာ မျက်နှာချင်းဆိုင်က လာနေတဲ့ ရထားတစင်းနဲ့ တိုက်မိခဲ့ တာ ဖြစ်ပါတယ်။
ဒီမတော်တဆမှုဟာ Málaga မြို့ကနေ ရထား ထွက်လာပြီး တနာရီ လောက်အကြာ ဒေသစံတော်ချိန် ၁၉:၄၅ နာရီ မှာ ဖြစ်ပွားခဲ့တာပါ။
ရထားပေါ်မှာ ပါလာတဲ့ ခရီးသည် တဦးက သူဟာ ရုတ်တရက် ဆောင့်ချ သလို ခံစားလိုက်ရပြီး “ရထားတတွဲလုံး ပြိုကွဲ ပျက်စီး တော့ မယ့် ခံစားချက်မျိုး” ရခဲ့တယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ ပါတယ်။
သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ အများစုဟာ မက်ဒရစ်မြို့ကနေ Huelva မြို့ကို ဦးတည် မောင်းနှင်လာတဲ့ ရထားရဲ့ ရှေ့တွဲတွေမှာ ပါလာကြသူတွေ ဖြစ်ပါ တယ်။
သယ်ယူပို့ဆောင်ရေးဝန်ကြီး Oscar Puente ကတော့ ဒီရထားတိုက်မှုဟာ ရထားလမ်းရဲ့ ဖြောင့်တန်းတဲ့ အပိုင်းမှာ ဖြစ်ပွားခဲ့ တာကြောင့် ဒါဟာ “အင်မတန် ထူးဆန်းတဲ့ကိစ္စ” လို့ ပြောကြားခဲ့ပါတယ်။
Iryo ရထားကုမ္ပဏီ ကတော့ ၂၀၂၂ ခုနှစ်မှာ တည်ဆောက် ခဲ့တဲ့ “အတော်လေး အသစ်ဖြစ်နေသေးတဲ့” အဲ့ဒီရထားကို လွန်ခဲ့တဲ့ လေးရက်ခန့်ကမှ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
—————————
THN Public Media
