နိုင်ငံတကာ

သမ္မတ ထရမ့် ဥက္ကဌ အဖြစ်ဆောင်ရွက်မယ့် ဂါဇာ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ဟာ ကုလသမဂ္ဂ ကို ထိခိုက်စေနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ ရှိလာ၊ သြစတြေးလျ ဝန်ကြီးချုပ်က ပါဝင်ဖို့ စဥ်စားနေ

ဇန်နဝါရီ ၁၉ – ၂၀၂၆

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဂါဇာ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ဟာ ကမ္ဘာ့ကုလသမဂ္ဂ တည်ရှိနေမှု ကို ထိခိုက်စေနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ ရှိလာနေတဲ့ ကြားကပဲ ဒီအဖွဲ့ထဲမှာ ပါဝင်ဖို့ ထရမ့်ရဲ့ ဖိတ်ခေါ်မှုကို သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese က စဥ်စားနေကြောင်း သိရပါတယ်။

ဂါဇာပြန်လည်ထူထောင်ရေးနဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို အဓိကထားမယ့် ဒီ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” သစ်မှာ ပါဝင်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က သြစတြေးလျကို ဖိတ်ခေါ်ခဲ့ကြောင်း ဝန်ကြီးချုပ် Anthony Albanese က အတည်ပြုခဲ့ပါတယ်။

အထူးသဖြင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို မြှင့်တင်မယ့် အဆိုပြုချက်တွေနဲ့ ပတ်သက်လို့ အလေးအနက် စဉ်းစားသွားမယ်လို့ ဝန်ကြီးချုပ် က ကတိပြုခဲ့ပါတယ်။

ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဟန်ဂေရီ၊ ကနေဒါ၊ အာဂျင်တီးနား၊ ဥရောပ ကော်မရှင်နဲ့ အရှေ့အလယ်ပိုင်း အင်အားကြီး နိုင်ငံတွေက ခေါင်းဆောင်တွေကိုလည်း အမေရိကန် ဦးဆောင်တဲ့ အဖွဲ့အစည်းသစ်မှာ ပါဝင်ဖို့ ဖိတ်ကြားထားပြီး ဒါဟာ “ပိုမိုသွက်လက်ပြီး ထိရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ အဖွဲ့အစည်း” ဖြစ်လာမယ်လို့ ဆိုပါတယ်။

မူကြမ်းအရ ထရမ့်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ ကတော့ အဖွဲ့ရဲ့ ထိပ်တန်းအဆင့် အဖွဲ့ဝင်တွေ ဖြစ်လာဖို့ မျှော်လင့်ရပါတယ်။

နိုင်ငံတွေဟာ သုံးနှစ် သက်တမ်းအဖြစ် တာဝန်ထမ်းဆောင်ရမှာ ဖြစ်သလို အမေရိကန်ကို ဒေါ်လာ ၁ ဘီလီယံ ပေးဆောင်တဲ့ နိုင်ငံတွေကိုတော့ အမြဲတမ်း အဖွဲ့ဝင်အဆင့် ပေးအပ်မယ်လို့ မျှော်လင့်ရ ပါတယ်။

“သမ္မတဆီက စာကို ကျွန်တော်တို့ လက်ခံရရှိထားပါတယ်၊ မနေ့ညကမှ ရောက်လာတာလို့ ထင်ပါတယ်” လို့ Anthony Albanese က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

“ဒါက ကျွန်တော်တို့ စဉ်းစားဖို့ အချိန်မရသေးတဲ့ ကိစ္စပါ။ ဒီလို ချဉ်းကပ်လာမှု အားလုံးကို ကျွန်တော်တို့ လေးလေး စားစားနဲ့ သင့်တော်တဲ့ လုပ်ငန်းစဉ်တွေက တဆင့် စဉ်းစားသွားမှာပါ” လို့ သူက ဆိုပါတယ်။

ဒီဘုတ်အဖွဲ့ကို အစ္စရေးနဲ့ ဟားမတ်စ် အကြား စစ်ပွဲအတွင်း ပျက်စီးသွားတဲ့ ဂါဇာဒေသ ပြန်လည် ထူထောင်ရေးဆိုင်ရာ ထရမ့်ရဲ့ အစီအစဉ်တွေရဲ့ တစိတ်တပိုင်း အနေနဲ့ မူလက ရည်မှန်းထားခဲ့ တာပါ။

“ဂါဇာ အမှုဆောင်ဘုတ်အဖွဲ့” လို့ ခေါ်တဲ့အဖွဲ့ဟာ ပိုမိုကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ရဲ့ လက်အောက်မှာ လုပ်ဆောင်သွားဖို့ မျှော်လင့်ရပါတယ်။

ဘုတ်အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်တွေထဲမှာ ကမ္ဘာတစ်ဝန်း တည်ငြိမ်ရေးနဲ့ အုပ်ချုပ်ရေးကို မြှင့်တင်ဖို့အပြင် “ပဋိပက္ခဖြစ်ပွားနေတဲ့ ဒါမှမဟုတ် ခြိမ်းခြောက်ခံနေရတဲ့ ဒေသတွေမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး” ကို ရှာဖွေဖို့ ပါဝင်တယ်လို့ နိုင်ငံတကာ မီဒီယာတွေက ဖော်ပြပါတယ်။

ဒီလို လုပ်ငန်းမျိုးတွေဟာ ပုံမှန်အားဖြင့် ကုလသမဂ္ဂရဲ့ တာဝန်ဝတ္တရားတွေသာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းက သံတမန်တွေကတော့ ထရမ့်ဟာ ကုလသမဂ္ဂကို အားနည်းသွားအောင် လုပ်ဖို့ ကြိုးစားနေတယ်လို့ စိုးရိမ်ပူပန်မှုတွေ ဖော်ပြနေကြပါတယ်။

ငြိမ်းချမ်းရေးဘုတ်အဖွဲ့နဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက “အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မတူညီတဲ့ အဖွဲ့အစည်း တွေမှာ လွတ်လပ်စွာ ပူးပေါင်းခွင့်ရှိတယ်လို့ ဂူတားရက်စ်က ယုံကြည်တယ်” လို့ ပြောပါတယ်။

ထရမ့်ဟာ ကုလသမဂ္ဂနဲ့ တခြားသော နိုင်ငံစုံ အဖွဲ့အစည်းတွေကို အမြဲတမ်း ဝေဖန်လေ့ရှိသူ ဖြစ်ပါတယ်။

သူဟာ အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းကြီးကနေ အမေရိကန်ကို နှုတ်ထွက်ဖို့ အထိ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ခဲ့ဖူးပါတယ်။

ဒီလအစောပိုင်းမှာပဲ ကုလသမဂ္ဂရဲ့ လက်အောက်ခံအဖွဲ့အစည်း ၃၀ ကျော်မှာ ပါဝင်နေတာဟာ “အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်” လို့ အကြောင်းပြပြီး အမေရိကန်ကို အဲ့ဒီအဖွဲ့တွေ ကနေ နှုတ်ထွက်စေခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ပုံမှန်အသုံးစရိတ်ရဲ့ ၂၂ ရာခိုင်နှုန်းကို ပေးဆောင်ရမယ့် အမေရိကန်ဟာ လက်ရှိမှာ ဒေါ်လာ ၁.၅ ဘီလီယံ ပေးဆောင်ဖို့ ကျန်ရှိနေသေးတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောကြားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ထရမ့်ဟာ အသစ်ဖွဲ့စည်းလိုက်တဲ့ အဲ့ဒီဘုတ်အဖွဲ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲယားတို့ကို ခန့်အပ်ထားပါတယ်။

Ref: the Guardian

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *