ဒီဇင်ဘာ ၂၅ – ၂၀၂၅ (ခရစ္စမတ်နေ့)
မကွေးတိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်း မြို့မှာ စစ်ရေး ပြင်းထန် လာနေတာကြောင့် မြို့ခံ တဝက်လောက်ဟာ ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းကစပြီး နေရပ်စွန့်ခွာ တိမ်းရှောင် နေကြပြီ ဖြစ်တယ်လို့ မြို့ခံ တွေဆီက သိရပါတယ်။
စလင်း ပကဖ က ဆင်ဖြူကျွန်း မြို့ရှိ စစ်တပ် စခန်း အားလုံးကို သိမ်းပိုက်မှာ ဖြစ်တဲ့ အတွက် ဆင်ဖြူကျွန်း မြို့ခံတွေ အနေနဲ့ ဒီနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့ မနက် ၈ နာရီကနေ ညနေ ၆ နာရီအတွင်းမှာ စလင်းမြို့နယ်ဘက်ကို ရွှေပြောင်း သွားလာနိုင်ကြောင်း သတိပေး ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
စစ်တပ်ဘက်ကလည်း ဒီနေ့ မနက်ပိုင်းက စပြီး မြို့ခံပြည်သူ တွေကို မြို့ပေါ် ကနေ ထွက်ခွာခွင့် ပြုပေး လိုက်တဲ့အတွက် ဒေသခံတွေ ထဲက မွေးလူနာတွေ ၊ သက်ကြီးရွယ်အို တွေ ၊ ပြောင်းရွှေဖို့ အဆင်ပြေသူတွေ ၊ ငွေကြေးပြည့်စုံသူ တွေဟာ မကွေးမြို့ နဲ့ စလင်းမြို့နယ် ဘက်တွေကို ရွှေပြောင်း နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
” အခုမြို့က လူတဝက်လောက်တော့ ရှောင်ကုန်ကြပြီ ။ ဒီနေ့က ကုန်းကြောင်း ပွင့်တော့ ကားတွေနဲ့ ရှောင်ကြတယ်။ အရင်ရက်က မပွင့်သေးတော့ ရေကြောင်းကနေ ရှောင်တာရှိတယ်။ ရှောင်တဲ့သူတွေ ရှိသလို မရှောင်သူတွေလည်း ကျန်ပါသေးတယ်။ တချို့လည်း ရှောင်ဖို့ မပြေသူတွေကတော့ ကိုယ့်အိမ်ထဲကို တံခါးပိတ်နေရတာပေါ့။ မြို့မှာက နေရတာ တဝုန်းဝုန်းနဲ့ အိမ်တံခါး ပိတ်နေရတာဆိုတော့ နေလည်း ဘာမှမထူးတော့ ရှောင်ကုန်ကြတာပေါ့ ။ PDF တွေက မြို့ကနေ ထွက်ဖို့ ပြောထားတာကြောင့်လည်း ပါတာပေါ့ ။ ” လို့ မြို့ခံ တယောက်က ပြောပါတယ်။
အများပြည်သူတွေ အနေနဲ့ စစ်ယာဥ်တန်းနဲ့ အနီးကပ် လိုက်ပါမောင်း နှင်တာ မလုပ်ဖို့ ပကဖ တွေက သတိပေးထားပါတယ်။
လက်ရှိမှာ ဆင်ဖြူကျွန်းမြို့ကို စစ်တပ်က ထိန်းချုပ်ထားပြီး မြို့ထွက်ခွင့် ပေး ထားပေမယ့် မြို့အဝင် ကိုတော့ ပိတ်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။
” အခုက မြို့ထဲကို ပေးမဝင်ဘူး ။ မြို့ထဲက ထွက်ရင်ရတယ်။မြို့ထဲကို လူလိုက်ပို့တာ မြို့အဝင်ပဲရောက်တယ် ။လူအဝင်မခံဘူး ။ အကုန်ရှောင်ကြပြီ ။ ရှောင်တာမှာလည်း တချို့ကကျ ကားမရှိတော့ ထွက်ခွင့်မရကြဘူး ။ကားရှိသူတွေက ရှောင်ကုန်ကြပြီ ။ ပိုက်ဆံရှိသူတွေ အများစုကတော့ မကွေးဘက်ကို သွားကြပြီ။ စလင်းဘက်လည်း လာကြတယ်။ ကုန်ကားကြီးတွေ နဲ့ လာကြတာ ။ လက်ရှိကတော့ တပ်ကထိန်းထားတယ်။ PDF ကတော့ ညနေ ၆ နာရီအထိ ထွက်ခွင့် ပေးထာတယ်။ ရွာဘက်တွေ ကတော့ နီးစပ်ရာပေါ့ ။တချို့ကျလည်း ပြေးဖို့ အဆင်မပြေ တော့ နယ်မြေဆိုးလည်း မရှောင်ကြတော့ဘူး ။ ” လို့ စလင်း ဒေသခံက ပြောပါတယ် ။
လက်ရှိ ဆင်ဖြူကျွန်း မြို့မှာ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားတဲ့ အခြေအနေ မရှိပေမယ့် ရံဖန်ရံခါ ပစ်ခတ်မှု အသံတွေတော့ ရှိကြောင်း ၊ စစ်ရှောင်တဲ့ အခြေအနေ ကတော့ မြို့ပေါ်လူထု အပြင် မြို့ပြင် ပတ်ဝန်းကျင်ရှိ တိုက်ပွဲ ဖြစ်ပွားရာဘက်က ကျေးရွာ ၁၅ ရွာလောက်လည်း နီးစပ်ရာကို စစ်ရှောင် နေကြရတယ်လို့ သိရပါတယ်။
ဆင်ဖြူကျွန်းမြို့မှာ ဒီဇင်ဘာ ၂၂ ရက်နေ့ ညကတည်းက လေကြောင်း တိုက်ခိုက်မှု တွေဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်နေ့မှာတော့ မြို့ပေါ် အထိတိုက်ပွဲ ပြင်းထန် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဒီဇင်ဘာ ၂၄ ရက်မှာလည်း တိုက်ပွဲ ဖြစ်ပွားမှုရှိခဲ့ပြီး အဆိုပါ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အကြားမှာ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀ ယောက်ကျော် အထိရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ
Crd – VOM
—————————
THN Public Media
