ဆီးရီးယား သမ္မတ အာမက် အဲလ် ရှာရာ ဟာ မနေ့က အိမ်ဖြူတော်မှာ သမ္မတ ထရမ့်ကို သွားရောက် တွေ့ဆုံခဲ့ပြီး ဒါဟာ ဆီးရီးယား ခေါင်းဆောင် တဦးအနေနဲ့ ပထမဆုံး အမေရိကန် သမိုင်းဝင် ခရီးစဥ် လည်း ဖြစ်ပါတယ်။
အခုလို သမ္မတ နှစ်ဦးတွေ့ဆုံချိန်မှာ ဆီးရီးယား နိုင်ငံအနေနဲ့ အစ္စလာမ္မစ် နိုင်ငံတော် (IS) အဖွဲ့ကို တိုက်ဖျက်ဖို့ နိုင်ငံတကာ မဟာမိတ်အဖွဲ့မှာ ပူးပေါင်းပါဝင်သွားမယ်လို့ ကြေညာ လိုက်ပါတယ်။
အဲလ် ရှာရာ က အခုခရီးစဥ်ဟာ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက် မှုတွေ လုပ်မယ့် ဆီးရီးယား နိုင်ငံ ခေတ်သစ် တခုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ Fox News နဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။
ဆီးရီးယားဟာ ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့တွင် ပူးပေါင်းမယ့် ၉၀ မြောက် နိုင်ငံ ဖြစ်လာမှာ ဖြစ်ပြီး ဒီမဟာမိတ်အဖွဲ့ရဲ့ ရည်ရွယ်ချက်မှာ IS အဖွဲ့ဝင်တွေကို ချေမှုန်းဖို့နဲ့ နိုင်ငံခြားကနေ စစ်သွေးကြွတွေ အရှေ့ အလယ်ပိုင်း ဝင်ရောက်ခြင်းကို ရပ်တန့်ဖို့ ဖြစ်ပါတယ်။
ဆီးရီးယားနဲ့ အမေရိကန် အကြား သံတမန်ဆက်ဆံရေးကို ၂၀၁၂ ခုနှစ် ကတည်းက ရပ်ဆိုင်း ထားခဲ့တာ ဖြစ်ပေမယ့် အခုတော့ အမေရိကန်ဟာ ဝါရှင်တန်မှာ ဆီးရီးယား သံရုံးကို ပြန်လည် ဖွင့်လှစ်ခွင့် ပေးတော့မှာ ဖြစ်ပါတယ်။
တွေ့ဆုံပြီးနောက် အကြီးတန်း အရာရှိတဦးက အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန နဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ကနေ ဆီးရီးယား အပေါ် ချမှတ်ထားသော စီးပွားရေး ကန့်သတ်ချက်တွေကို ရုပ်သိမ်းပေးမှာ ဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံသူတွေ အတွက် စည်းမျဥ်းဆိုင်ရာ ရှင်းလင်းချက် ထုတ်ပြန်ပေးမယ်လို့ အတည်ပြု ပြောဆိုပါတယ်။
—————————
THN Public Media
